Monday, 7 August 2017

ဇေကြီးဖတ်ဖို့ မှတ်စုတိုများ

         "ရပါတယ်....မြကြီးတို့ကတော့ပျော်ပျော်ပဲ ဟုတကိုယ်တည်းရေရွတ်ပြောဆိုရင်း ရင်ကိုကော့၍ လေလေးတချွန်ချွန်နှင့် လျှောက်၍လာခဲ့လေ၏။ 
          မြကြီး၌ စိတ်ပျက်ခြင်းမရှိပေ။ ငါ့မှာ အလုပ်မရှိတဲ့အတွက် ငတ်သေတော့မှာပဲ၊ ဒုက္ခရောက်တော့မှာပဲဟုလည်း စိုးရိမ်ထိတ်လန့်ုခြင်းမရှိပေ၊ ရွှင်ရွှင်လန်းလန်းပင်ရှိလေ၏။ ထိုစိတ်ဓာတ်မျိုးကား ' အဖြစ်စိတ်ဓာတ်' ဟု ခေါ်လိုက ခေါ်နိုင်လေသည်။ အချို့က အဆင်မပြေမှု့ ကလေးအနည်းငယ်တွေ့ရသည်နျှင့် ဒုက္ခပါပဲ ငါတော့ဒုက္ခရောက်ပါပြီ၊ ငတ်တော့မှာပဲဟု တွေးတော့ထိတ်လန့်တတ်၏။ ထိုစိတ်ဓာတ်မျိုးကား 'အပျက်စိတ်ဓာတ်' မျိုးဖြစ်၏။ တနည်းဆိုရပါမူ အပျက်စိတ်ဓာတ်ကား 'အနေကံ' သဘောဆောင်၏။ အဖြစ်စိတ်ဓာတ်ကား' ဧကံ' သဘောဆောင်၏။ အပျက်စိတ်ဓာတ်ကား ပို၍ ပျက်စေ၏။ လူကိုအညွှန့်တုံးစေ၏။
          အနိမ့်ဆုံးအားဖြင့် ရှုံးမည်ကိုလွန်စွာစိုးရိမ်သော ဖဲသမားသည် ကြေက်ရွံရွံနျှင့်ပင် တတိတိရှုံးလေ၏၊ ရှုံးချင်ရှုံးနိုင်ချင်နိုင်ဟု သဘောထားကာ ကစားသောအခါ၌ နိုင်ပေါက်များစွာတိုးဖူးကြောင်းကို လောင်းကစားပြုလုပ်ဖူးသူတိုင်း ကြုံတွေ့ဖူးပေလိမ့်မည်။ ထိုအချင်းအရာကား အဖြစ်စိတ်ဓာတ်နှင့် အပျက်စိတ်ဓာတ် အနေကံစိတ်နှ်င့် ဧကံစိတ်ကိုဖော်ပြနေခြင်းဖြစ်ပေသည်။
           အပျက်စိတ်ကား တွန့်ဆုတ်တွန့်ဆုတ်ဖြစ်၏။ လာဘ်လာဘများနှင့် အခွင့်အရေးများကို တွန်းထုတ်ပစ်၏။ ရဲတင်းသောစိတ်၊ အဖြစ်စိတ်၊ ဧကံစိတ်ကား လာဘ်လာဘနှင့် အခွင့်အရေးကောင်းများကို သံလိုက်ကဲ့သို့ဆွဲယူတတ်၏။
           အပျက်စိတ်သမားများကား မျက်မှောင်ကုတ်၏။ မျက်နှာမသာမယာရှိ၏။ မျက်နှာပုပ်သိုးသိုးရှိ၏။ အဖြစ်စိတ်သမားကား မျက်နှာသာယာ၏။ ရွှင်ရွှင်ပျပျရှိ၏။ ကြောင့်ကြစိုးရိမ်မှု့ မရှိနေတတ်၏။ ထိုသူတို့၏ စိတ်ဓာတ်ကား လေဟုန်မိသောလေတံခွန်ကဲ့သို့ တလူလူရှိ၏။ ထိုသူတို့အားတစုံတယောက်က ငွေနှင့်ဖြစ်စေ၊ အာဏာနှင့်ဖြစ်စေ၊ ညိုးနွမ်းအောင်လုပ်၍မရနိုင်ပေ။ ထိုသူတို့သည် ခေတ်ပျက်သည့်အခါ၌ပင် ပျော်ပျော်ရွှင်ရွှင်နေတတ်ကြသူများဖြစ်၏။ လောကဓံတရားကို ရင်ဆိုင်ဝံ့သော သူရဲကောင်းစိတ်ဓာတ်မျိုးဟု ခေါ်လိုက ခေါ်နိုင်ပေသည်။"

ဆရာမင်းသိင်္ခ၏ "ပြည်ကြီးမဏ္ဍိုင်မြကြီး" စာအုပ်မှ ကောက်နှုတ်ချက်

Saturday, 28 November 2015

မွန်ပြည်နယ် ခရီးစဉ်

          ကျွန်တော်လည်း ကျွန်းပေါ်ကနေ မြန်မာပြည်ပြန်ရောက်ပြီး စားဝတ်နေရေးအတွက် အခြေတကျ ဖြစ်အောင် ရုန်းကန်နေတာနဲ့ ဘလော့လေးကို အတော်ကြာပစ်ထားခဲ့မိတယ်။ ကဲအခု ခရီးသွားပိုစ့်လေး တစ်ခုနဲ့ ပြန်လာပါပြီ။ တန်ဆောင်တိုင် မှာဝန်ထမ်းတွေနားရအောင် ဆိုင်လေးလည်း ၂ ရက်လောက်ပိတ် ကိုယ်တို့လင်မယားလည်း မွန်ပြည်နယ်ဖက်ကို ချွေတာရေး ရက်တို ခရီးလေးသွားမယ် စိတ်ကူးပြီး online ကဘလော့တွေမှာ ခရီးစဉ်တွေ တက်ရှာကြည့်တော့မှ မြန်မာဘလော့တွေမှာ ခရီးသွားပိုင်းဆိုင်ရာ အတော်လေးအားနည်းတာ သတိထားမိတယ်ဗျာ။ ဒါနဲ့ပဲ fb မှာလည်း သက်ဆိုင်ရာ page မှာသွားမေး တချို့ ဘလော့ဂါတွေ တင်ထားတဲ့ မွန်ပြည်နယ် ခရီးစဉ်ဆိုင်ရာ အချက်အလက်လေးတွေ ရသလောက် စုပြီးခရီးထွက်ဖို့ ပြင်ရတာပေါ့ဗျာ။ မသွားခင် ၂ ရက်လောက်ကတည်းက ကားကို အောက်ပိုင်းတွေ ဘရိတ်တွေစစ်၊ ဆီဖြည့် ၊လိုအပ်တဲ့ အရေးပေါ်သုံး ဆေးဝါးတွေ၊ စားစရာတွေ ပြင်ဆင်နဲ့ တက်တက်ကြွကြွပေါ့ဗျာ။ ချွေတာရေး ခရီးစဉ်ဆိုတဲ့အတိုင်း ခရီးစဉ်ပထမရက်ကို အပြင်မှာ မစားပဲ အိမ်ကပဲ နေ့လည်စာရော ညစာပါထည့်သွားဖို့ အိမ်ရှင်မနဲ့နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်တယ်။ ၂၅. ၁၁. ၂၀၁၅ မှာစထွက်ပြီး ၂၆.၁၁.၂၀၁၅ ညကို ရန်ကုန်အရောက်ပြန်မယ်လို့ အကြမ်းဖျင်း အစီအစဉ်ဆွဲလိုက်တယ်။ တကယ်တမ်းစထွက်တော့ မနက် ၅ နာရီလို့မှန်းထားပေမယ့် အိမ်ရှင်မ ထမင်းချက်တာ နည်းနည်းကြာသွားလို့ ၇ နာရီလောက်မှ ထွက်ဖြစ်ပါတယ်။ ပထမဦးဆုံး ဦးတည်ရာကတော့ ကျိုက်က္ခမီပေါ့ဗျာ။ (ကျိုက်ထီးရိုးကိုတော့ ခဏခဏရောက်ဖူးတယ်ရယ် တန်ဆောင်တိုင်မို့ လူကြပ်မှာရယ်ကြောင့် ခရီးစဉ်ထဲ မထည့်လိုက်ပါ)။ တခါမှမသွားဖူးတဲ့ ခရီးစဉ်ဆိုတာ့ ဖုန်းထဲက Google Map အားကိုးနဲ့ပေါ့ဗျာ။ လမ်းကတော့ ပြောစရာမလိုအောင် ကောင်းပါတယ်။ မြို့တွေ တံတားတွေဖြတ်တိုင်းမှာ ဂိတ်ကြေးတွေ မတရားပေးရတာကိုတော့ မေ့ထားလိုက်တာပေါ့။ ကျွန်တော့ ကားလေးက 1200 cc ပဲရှိတဲ့ budget car လေးဆိုတေ့ Heat တက်မှာစိုးလို့  ၂ နာရီလောက်မောင်းလိုက် ၁၅ မိနစ်လောက်နားလိုက်နဲ့ပဲ ကျိုက်ထို ဘီးလင်း သထုံ တို့ကိုဖြတ်ပြီး မော်လမြိုင် အကျော်လောက်မှာ လမ်းမှာပဲ အိမ်လာပါတဲ့ ရိက္ခာနဲ့ လင်မယားနှစ်ယောက် နေ့လည်စာ ဆွဲကြတယ်။  စားသောက် ခဏနားပြီး ခပ်အေးအေးပဲ ဆက်မောင်းတော့ ညနေ ၄ နာရီခွဲ ကျော်ကျော်လောက်မှာ ကျိုက်က္ခမီကို ရောက်ပါတယ်။
ကျွန်တော့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာက ကျိုက္ခမီမြို့ဟာ အစက မရှိသေးဘူးတဲ့။ ကျိုက္ခမီဘုရားကို လာဖူးတဲ့ဘုရားဖူးခရီးသွားတွေ များလာတော့မှ ပေါ်လာတယ်လို့ရေးထားတယ်။ သံဖြူဇရပ်ကနေ ကျိုက္ခမီထိ ရာဘာတောလေးတွေကိုဖြတ်ပြီးသွားရတာတော့ အရသာတမျိုးလေးခံစားရတယ်။ ကျိုက္ခမီမြို့လေးလည်း စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဖုန်းဆိုင် တွေနဲ့ စည်စည်ကားကားပါပဲ။
ကျိုက္ခမီဘုရားအ၀င်မုဒ်ဝ
 ဘုရားသို့အ၀င်လမ်း


ဘုရားပေါ်မှမြင်ရတဲ့ရှုခင်း
အဝေးမှ ဖုန်းနဲ့ရိုက်ကူးပူဇော်ထားတာပါ
ဘုရားအတွင်းပိုင်း

ကျိုက္ခမီရောက်တော့ ညနေပိုင်းဖြစ်နေပြီဆိုတော့ တည်းခိုဖို့ ကိစ္စအရင်စုံးစမ်းပါတယ်။ ဘုရား ၀န်းအတွင်းမှာ တည်းခိုဆောင်ဆိုပြီးစာကပ်ထားတဲ့ အဆောင်တွေ တွေ့တော့ သွားစုံစမ်းကြည့်တယ်။ သူတို့ရှင်းပြတာကတော့ လူအများနဲ့ဆိုရင် လူ ၁၅ ယောက် ၂၀ ဆန့် အခန်းတွေကို တစ်ခန်း ၅၀၀၀ ကျပ်နှုန်းနဲ့ငှားပါတယ်တဲ့။ အောက်က ကွပ်ပြစ်အခင်းတစ်ခုပဲပါပါမယ်။ ကျွန်တော်တို့က လင်မယား နှစ်ယောက်တည်းဆိုတော့ အဲအခန်းငှားလို့အဆင်မပြေဘူးပြောပါတယ်။ နှစ်ယောက်တည်းလို့ရတဲ့အခန်းတွေ ဟိုဖက်အဆောင်မှာ မေးကြည့်ပါတဲ့ အဲယားကွန်းနဲ့ဆိုရင် ၂၀၀၀၀ လောက်ရှိပြီး ရိုးရိုးပန်ကာနဲ့ဆိုရင် ၁၀၀၀၀ လောက်ရှိမယ်ဆိုပါတယ်။ ဘားအံက ဟော်တယ်မှာတောင် အဲားကွန်း ရေပူရေအေးနဲ့ မနက်စာ အပါကိုတောင် ၃၀၀၀၀ လောက်ပဲပေးရတာဆိုတော့ စေျးနှုန်းကြားရတာ နည်းနည်းတော့ ဖြုံသွားတယ်ဗျ။
အိမ်ရှင်မကလည်း မမှောင်ခင် စက်စဲကိုသွားချင်သေးတယ်ဆိုတော့ အချိန်လည်း သိပ်ဆွဲလို့မရ၊ ကိုယ်ကလည်း မနက်တည်းက ကားမောင်းလာရတာဆိုတော့ အညောင်းပြေ ဆားငန်ရေလေးနဲ့ ရေချိုးလိုက်ချင်တယ်။ ဒါနဲ့ပဲ ငွေပေးပြီး တည်းရမယ့်အတူတူ အပြင်က တည်းခိုးခန်းပဲ မေးကြည့်မယ်ကွာဆိုပြီး ပြန်ထွက်လာပြီး ဘုရားဝန်းထိပ်က ၅ မိနစ်လောက် လမ်းလျှေက်ရင်ရောက်တဲ့ အကွာဝေးလောက်မှာ တည်းခိုခန်းတစ်ခုတွေ့တာနဲ့ မေးကြည့်တော့ နှစ်ယောက်ခန်းကို အဲယားကွန်း ရေချိုးခန်းအိမ်သာ အပါကို ၂၅၀၀၀ ကျပ် ရိုးရိုးခန်း ပန်ကာပါ ရေချိုးခန်း အိမ်သာကို တော့ အပြင်မှာ သီးသန့်သုံး ကို ၁၀၀၀၀ ကျပ်ဆိုတာနဲ့ ရိုးရိုးခန်းပဲယူလိုက်ပါတယ်။ အော် တည်းခိုခန်းနာမည်က ကဋေကြွယ်ခင်ဗျ။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးပါပဲ။
ကဋေကြွယ်တည်းခိုခန်း (ကျိုက္ခမီဘုရားအနားမှာပါပဲ)
တည်းခိုခန်းမှာ အထုပ်တွေချပြီး မမှောင်ခင်လေး စက်စဲကိုပြေးရပါတယ်။ ညနေ ၅ နာရီကျော်လောက်မှာ ကမ်းခြေကိုရောက်ပါတယ်။ ကမ်းခြေမှာလူတော့ သိပ်မများဘူးဗျ။ ရောက်ရောက်ချင်းအရင် ဓာတ်ပုံရိုက် ရေထဲခဏစိမ်ပြီး ပြန်လာတော့ မှောင်နေပါပြီ။ လမ်းကကျဉ်းတော့ ညဖက်ပြန်တဲ့အခါ သတိတော့ထားမောင်းရပါတယ်။
စက်စဲကမ်းခြေ (ညနေ ၅ နာရီခွဲလောက်မှာ ဖုန်းနဲ့ရိုက်ထားတာပါ)
တည်းခိုခန်းရောက်မှ ရေချိုနဲ့ ရေပြန်ချိုးပါတယ်။ ပြီးမှ ပါလာတဲ့ရိက္ခာနဲ့ အခန်းထဲမှာပဲ ညစာစားပါတယ်။
စားသောက်ပြီးမှ လမ်းလျှောက်ပြီး ဘုရားဖူးဖို့သွားပါတယ်။

နိုဝင်ဘာလကုန်ပိုင်းလောက်ဖြစ်နေပြီဆိုတော့ ရန်ကုန်မှာ ညဖက်ဆိုရင် စပြီးနည်းနည်းအေးစပြုနေပေမယ့် ဒီမှာတော့ မအေးသေးပါဘူး။ ဘုရားဖူးရန်နေရာမှာတော့ အမျိုးသမီးနဲ့ အမျိုးသားခွဲထားပါတယ်။ဘုရားဖူးပြီး ရန်ကုန်အပြန်လက်ဆောင်အတွက် ဘုရားဝန်းထဲက ဈေးတန်းလေးတွေလည်း ဘုရားဝန်းထဲရော အပြင်မှာပါရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ခရုနဲ့လုပ်ထားတဲ့ လက်မှု့ပစ္စည်းလေးတွေပါပဲ။

ဘုရားဝန်းအတွင်းက စေျးဆိုင်တန်း
တည်းခိုခန်းကို ပြန်မယ်ဆိုတော့ ကိုဇေကြီးထီပေါက်ပါတယ်။ ဘုရားအ၀င်ဝမှာ ချွှတ်ထားခဲ့တဲ့ ဖိနပ်မရှိတော့ပါဘူး။ ကျန်ရှိတဲ့ အပိုင်းများကို ဆက်လက်ပြီးတင်ပေးပါမယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးက အင်တာနက်လိုင်းကည်း သိတဲ့အတိုင်းဆိုတော့ တစ်ခါတည်း များများလည်း တင်လို့အဆင်မပြေပါဘူး။