ဂျက်မားဆိုတာ လခ ၁၅ ဒေါ်လာရတဲ့ တက္ကသိုလ်ဆရာအလုပ်ကနေ အလုပ်ထွက်ပြီး မိတ်ဆွေ ၁၇ ယောက်ပေါင်းလို့ ဒေါ်လာ ၆ သောင်းနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီအသေးလေး အလီဘာဘာကိုထူထောင်ခဲ့ရာက ဒေါ်လာ ဘီလီယံ ၂၃၀ တန်တဲ့ ကမ္ဘာကျော် ဘီလျံနာကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့သလို သူကိုယ်တိုင်လည်း ဒေါ်လာ ၂၅ ဘီလီယံ ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုတာ လူအတော်များများ သိပြီးနေကြပါပြီ။
ဒီလောက် အောင်မြင်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်ခဲ့သူမို့ သူ့မှာ သာမန်လူတွေမှာ မရှိတဲ့ အရည်အချင်းများစွာ ရှိနေတယ်ဆိုတာ ငြင်းလို့ မရပါ။ အဲဒီအရည်အချင်းတွေကို "ဂျက်မားနှင့် အလီဘာဘာ"စာအုပ်မှာ တွေ့မြင်ဖတ်ရှုနိုင်ပါတယ်။
စာရေးသူကို သူ့အရည်အချင်းတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးလဲလို့ မေးလာခဲ့ရင် ဒီအရည်အချင်းကို အကြိုက်ဆုံးပါလို့ ဖြေချင်ပါတယ်။ အဲဒါက "သူဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေကနေ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူလိုက်ခြင်းပါ"။ အဲဒီအရည်အချင်းကို ဥပမာ ၂ ခုနဲ့ ရှင်းပြထားပါတယ်။
ဂျက်မားဟာ အသက် ၁၂ နှစ်သားလောက်မှာ အင်္ဂလိပ်စာကို စိတ်ဝင်စားသွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောကို အရမ်းတတ်ချင်လာတယ်။ ဒါပေမဲ့ သူ့မြို့မှာ အင်္ဂလိပ်စာ သင်ဖို့ အခြေအနေ မပေးဘူး။ ကျောင်းတွေမှာ အင်္ဂလိပ်စာကို လုံးဝသင်မပေးဘူး။ တမြို့လုံးမှာ အင်္ဂလိပ်စာတတ်သူ တစ်ယောက်မှ မရှိသလို အင်္ဂလိပ်စာအုပ် တစ်အုပ်မှလည်း မရှိဘူး။ မော်စီတုန်းရဲ့ ကွန်မြူနစ်အစိုးရလက်ထက်ဆိုတော့ နိုင်ငံခြားသား၊ နိုင်ငံခြားဘာသာတွေကို အားမပေးတဲ့ အချိန်ပါ။ သာမန်လူတွေအတွက် ဒီလိုအခြေအနေဟာ အင်္ဂလိပ်စာသင်ဖို့ လက်လျှော့လိုက်မှာပါ။ ဒါပေမဲ့ ဂျက်မား ဘာလုပ်သလဲ။
နေ့တိုင်း မနက်အစောကြီး ထပြီး မြို့လယ်က နိုင်ငံခြားသား တိုးရစ်တွေနေတဲ့ ဟိုတယ်တစ်ခုကို သွားတယ်။ တိုးရစ်တွေကို သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတယ်။ သူတို့ဆီက ပိုက်ဆံမယူဘူး။ သူ့ကို အင်္ဂလိပ်စာနဲ့ စကားပြော ပြန်သင်ပေးဖို့ အပေးအယူလုပ်တယ်။ တိုးရစ်တွေကလည်း သူ့ရဲ့သွက်လက်ချက်ချာဖေါ်ရွေမှုကို သဘောကျပြီး အင်္ဂလိပ်စာကို ပြန်သင်ပေးကြတယ်။ မနက်တိုင်း တိုးရစ်တွေကို လိုက်ပို့ပြီးမှ ကျောင်းကို သွားတယ်။ အဲဒီလို မိုးရွာရွာ၊ နေပူပူ၊ နှင်းပဲကျကျ နေ့စဉ်မပျက်မကွက် တိုးရစ်တွေဆီက စာသင်ခဲ့တာ ၉ နှစ်တိုင်တိုင်ကြာခဲ့တယ်။ အင်္ဂလိပ်စာကြောင့် နောင်မှာ သူ့ဘဝအခြေအနေ အများကြီး ပြောင်းလဲသွားခဲ့တယ်။
အဲဒါက ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ ဥပမာတစ်ခုပါ။
၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ သူဟာ အမေရိကန်နိုင်ငံ စီယေးတားမြို့ကို ခဏရောက်သွားတယ်။ အဲဒီမှာကျမှ သူဟာ အင်တာနက်ကို မြင်ဖူးတယ်။ အင်တာနက်သုံးပြီး တရုတ်ကုမ္ပဏီတွေနဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေကြား ဆက်သွယ်ပေးမယ့် လုပ်ငန်းလုပ်ဖို့ အကြံရတယ်။ ဒါပေမဲ့ ခက်တာက တရုတ်နိုင်ငံမှာ အင်တာနက် လုံးဝမရသေးဘူး။ သာမန်လူတွေအဖို့ အင်တာနက်မရှိတဲ့နိုင်ငံမှာ အင်တာနက်လုပ်ငန်းလုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်လို့ လက်လျှော့လိုက်ကြမှာပါ။ ဒီအခြေအနေမှာ ဂျက်မား ဘာလုပ်သလဲ။
သူ တရုတ်နိုင်ငံကို ပြန်ရောက်တာနဲ့ သူလုပ်နေတဲ့ တက္ကသိုလ်ဆရာအလုပ်က နူတ်ထွက်လိုက်တယ်။ Hope ဘာသာပြန်ကုမ္ပဏီ ထောင်လိုက်တယ်။ တရုတ်ပြည်က ကုမ္ပဏီသေးလေးတွေအကြောင်းကို အင်္ဂလိပ်စာနဲ့ ရေးတယ်။ အဲဒီကုမ္ပဏီလေးတွေဆီကို သွားပြီး သူတို့ ဘာလုပ်ငန်းလုပ်တယ်၊ ဘာပစ္စည်းတွေရောင်းတယ်၊ ပစ္စည်းစျေးနူန်းတွေက ဘယ်လောက်လဲ၊ ကုမ္ပဏီကို ဆက်သွယ်ရမယ့် လူတွေရဲ့ နာမည်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီလိပ်စာတွေကို စာရင်းလိုက်ကောက်ယူတယ်။ သူတို့ ရောင်းချတဲ့ ပစ္စည်းတွေကိုလည်း ဓါတ်ပုံ ရိုက်ယူလာတယ်။ ရလာတဲ့ အချက်အလက်တွေကို အင်္ဂလိပ်လို ဘာသာပြန်ရေးလိုက်ယ်။ ရေးပြီးသားစာတွေနဲ့ ပစ္စည်းဓါတ်ပုံတွေကို စီယေးတားမှာ နေတဲ့ သူ့ပါတနာ စတူးဝပ်ဆီကို စာတိုက်ကနေ ပို့ပေးလိုက်တယ်။ စတူးဝပ်က အဲဒီအချက်အလက်၊ ဓါတ်ပုံတွေကို ဂျက်မားအတွက် တည်ဆောက်ထားတဲ့ Hope ဘာသာပြန်ဝက်ဆိုဒ်ပေါ်ကို အင်တာနက်ကနေ တင်ပေးလိုက်တယ်။ ဒါကြောင့် နိုင်ငံတကာက ကုန်သည်တွေဟာ တရုတ်နိုင်ငံက ကုမ္ပဏီသေးလေးတွေကို သိလာကြတယ်။
ဒါကလည်း ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ နောက်ဥပမာတစ်ခုပါ။
ဗန်းမော်သိန်းဖေ
၁၁-၁၂-၂၀၁၆