Monday 25 November 2019

အခက်အခဲတွေက ဘဝကိုပြည့်စုံစေတဲ့အရာ

တစ်ခါတုန်း က တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်. . . အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ် "ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်. . . ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်. . . တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ် . . " လို့ပြောလိုက်တယ် . .

အဲဒီအခါမှာ တန်ခိုးရှငိက "ကူညီပါ့မယ်. . . . ဘာတွေကူညီရမလဲ လို့. . . " ပြောတယ်... အဲဒီတော့ လယ်သမားက တန်ခိုးရှငိကို သူ့ဘေးက ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်. . . . ကဲတန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်. . . မရွာအောင် လုပ်လိုက်. . . လို့ခိုင်းတယ်. . တန်ခိုးရှင်က လုပ်ပေးတယ် . . "လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်. . . လေမတိုက်အောင် လုပ်ပေးပါ. . . " လို့ပြောပြန်တယ်. . . တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပေးတယ်. . . . မိုးကြိုးတွေ ပစ်ရင်လည်း အသီးကို ဆုတ်ယုတ်စေတယ် ဆိုပြီး တားခိုင်းတယ်. . . . နေသိပ်ပူလာရင်လည်း ဂျုံပင်တွေ ညှိုးကုန်မယ်ဆိုပြီး မိုးအုံ့ခိုင်းတယ်. . . ရေလိုတဲ့အခါမှာ ရေရအောင် လုပ်ခိုင်းတယ်. . . စာကလေးတွေ လာတဲ့ အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်. . . တန်ခိုးရှင်ကလည်း လယ်သမား ဖြစ်ချင်တာတွေ အကုန်လုပ်ပေးတယ်. . .

ဒီတော့ ဂျုံပင်တွေဟာ အတော့်ကို ဖြစ်ထွန်းတယ် . . . အပင်တွေလည်း အမြင့်ကြီးတက်တယ်. . . . ဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို "ကဲ . . . . မြင်ပြီမို့လား. . . ကျုပ်ရဲ့ ဂျုံခင်းကြီးကို ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက် ကင်းအောင် လုပ်လိုက်တဲ့ အခါမှာ အပင်တွေက ဘယ်လောက် ဖွံ့ဖြိုးသလဲ ဆိုပြီး အားရ ဝမ်းသာ ပြောရှာတယ်. . . " ဒါပေမယ့် တကယ်တမ်းရိတ်သိမ်းတဲ့ အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး . . ဟောင်းလောင်းကြီး ဖြစ်နေတယ် ဂျုံဆိုလို့ လုံးဝကို မရတော့ ဘူး .

အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ ဘယ်လိုဖြစ်တာလည်းလို့ မေးတော့ တန်ခိုးရှင်က "ဒီလိုငါ့လူရဲ့ . . .နေပူတာ ၊မိုးကြိုးပစ်တာ၊ စာကလေး လာစားတာတို့ဟာ ဗြုန်းခနဲ့ ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ် လို့ထင်ရမှာပါပဲ. . . . ဒါပေမယ့် အဲဒါက တကယ်နှောင့်ယှက်တာ မဟုတ်ဘူး. . . ချဲလင့်(Challenge) လုပ်တာ ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ . . . အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့ အလုပ်ပေါ့. . . . . အဲဒီအံတုမှုတွေ မရှိဘဲ ငြိမ်ငြိမ်လေး နေတဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ . . အားကုန်ပြီး ခွန်အားတွေ ယုတ်လျော့သွားတာ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ. . . လို့" ရှင်းပြသတဲ့. .

ဒါကြောင့် လောကကြီးမှာ မပြည့်စုံဘူးဆိုတာ ကိုယ့်ကို ချဲလင့် လုပ်နေတာပါ. . . ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာပါ. . . . ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်ပါတယ်. . .ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ ရောက်လာပြီ ဆိုပြီး . . . လေ့ကျင့်ထားပါ. . . အဲလိုမလုပ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုရင်. . . . . ဂျုံစေ့တွေလိုပဲ အဆံမပါတော့ဘဲ ခွန်အားတွေ ဆုတ်ယုတ်လာမှာဖြစ်ပါတယ်. . . .

Credit: ဆရာမနိုင်းနိုင်းစနေ



No comments: