Tuesday, 16 July 2024
ဆရာကြီး မင်းသိင်္ခရဲ့ စာအုပ်( ၈၁ )အုပ်
Saturday, 12 December 2020
ကျနော်အကြိုက်ဆုံး ဂျက်မားရဲ့ အရည်အချင်းတစ်ခု
ဂျက်မားဆိုတာ လခ ၁၅ ဒေါ်လာရတဲ့ တက္ကသိုလ်ဆရာအလုပ်ကနေ အလုပ်ထွက်ပြီး မိတ်ဆွေ ၁၇ ယောက်ပေါင်းလို့ ဒေါ်လာ ၆ သောင်းနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီအသေးလေး အလီဘာဘာကိုထူထောင်ခဲ့ရာက ဒေါ်လာ ဘီလီယံ ၂၃၀ တန်တဲ့ ကမ္ဘာကျော် ဘီလျံနာကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့သလို သူကိုယ်တိုင်လည်း ဒေါ်လာ ၂၅ ဘီလီယံ ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုတာ လူအတော်များများ သိပြီးနေကြပါပြီ။
ဒီလောက် အောင်မြင်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်ခဲ့သူမို့ သူ့မှာ သာမန်လူတွေမှာ မရှိတဲ့ အရည်အချင်းများစွာ ရှိနေတယ်ဆိုတာ ငြင်းလို့ မရပါ။ အဲဒီအရည်အချင်းတွေကို "ဂျက်မားနှင့် အလီဘာဘာ"စာအုပ်မှာ တွေ့မြင်ဖတ်ရှုနိုင်ပါတယ်။
စာရေးသူကို သူ့အရည်အချင်းတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးလဲလို့ မေးလာခဲ့ရင် ဒီအရည်အချင်းကို အကြိုက်ဆုံးပါလို့ ဖြေချင်ပါတယ်။ အဲဒါက "သူဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေကနေ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူလိုက်ခြင်းပါ"။ အဲဒီအရည်အချင်းကို ဥပမာ ၂ ခုနဲ့ ရှင်းပြထားပါတယ်။
ဂျက်မားဟာ အသက် ၁၂ နှစ်သားလောက်မှာ အင်္ဂလိပ်စာကို စိတ်ဝင်စားသွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောကို အရမ်းတတ်ချင်လာတယ်။ ဒါပေမဲ့ သူ့မြို့မှာ အင်္ဂလိပ်စာ သင်ဖို့ အခြေအနေ မပေးဘူး။ ကျောင်းတွေမှာ အင်္ဂလိပ်စာကို လုံးဝသင်မပေးဘူး။ တမြို့လုံးမှာ အင်္ဂလိပ်စာတတ်သူ တစ်ယောက်မှ မရှိသလို အင်္ဂလိပ်စာအုပ် တစ်အုပ်မှလည်း မရှိဘူး။ မော်စီတုန်းရဲ့ ကွန်မြူနစ်အစိုးရလက်ထက်ဆိုတော့ နိုင်ငံခြားသား၊ နိုင်ငံခြားဘာသာတွေကို အားမပေးတဲ့ အချိန်ပါ။ သာမန်လူတွေအတွက် ဒီလိုအခြေအနေဟာ အင်္ဂလိပ်စာသင်ဖို့ လက်လျှော့လိုက်မှာပါ။ ဒါပေမဲ့ ဂျက်မား ဘာလုပ်သလဲ။
နေ့တိုင်း မနက်အစောကြီး ထပြီး မြို့လယ်က နိုင်ငံခြားသား တိုးရစ်တွေနေတဲ့ ဟိုတယ်တစ်ခုကို သွားတယ်။ တိုးရစ်တွေကို သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတယ်။ သူတို့ဆီက ပိုက်ဆံမယူဘူး။ သူ့ကို အင်္ဂလိပ်စာနဲ့ စကားပြော ပြန်သင်ပေးဖို့ အပေးအယူလုပ်တယ်။ တိုးရစ်တွေကလည်း သူ့ရဲ့သွက်လက်ချက်ချာဖေါ်ရွေမှုကို သဘောကျပြီး အင်္ဂလိပ်စာကို ပြန်သင်ပေးကြတယ်။ မနက်တိုင်း တိုးရစ်တွေကို လိုက်ပို့ပြီးမှ ကျောင်းကို သွားတယ်။ အဲဒီလို မိုးရွာရွာ၊ နေပူပူ၊ နှင်းပဲကျကျ နေ့စဉ်မပျက်မကွက် တိုးရစ်တွေဆီက စာသင်ခဲ့တာ ၉ နှစ်တိုင်တိုင်ကြာခဲ့တယ်။ အင်္ဂလိပ်စာကြောင့် နောင်မှာ သူ့ဘဝအခြေအနေ အများကြီး ပြောင်းလဲသွားခဲ့တယ်။
အဲဒါက ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ ဥပမာတစ်ခုပါ။
၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ သူဟာ အမေရိကန်နိုင်ငံ စီယေးတားမြို့ကို ခဏရောက်သွားတယ်။ အဲဒီမှာကျမှ သူဟာ အင်တာနက်ကို မြင်ဖူးတယ်။ အင်တာနက်သုံးပြီး တရုတ်ကုမ္ပဏီတွေနဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေကြား ဆက်သွယ်ပေးမယ့် လုပ်ငန်းလုပ်ဖို့ အကြံရတယ်။ ဒါပေမဲ့ ခက်တာက တရုတ်နိုင်ငံမှာ အင်တာနက် လုံးဝမရသေးဘူး။ သာမန်လူတွေအဖို့ အင်တာနက်မရှိတဲ့နိုင်ငံမှာ အင်တာနက်လုပ်ငန်းလုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်လို့ လက်လျှော့လိုက်ကြမှာပါ။ ဒီအခြေအနေမှာ ဂျက်မား ဘာလုပ်သလဲ။
သူ တရုတ်နိုင်ငံကို ပြန်ရောက်တာနဲ့ သူလုပ်နေတဲ့ တက္ကသိုလ်ဆရာအလုပ်က နူတ်ထွက်လိုက်တယ်။ Hope ဘာသာပြန်ကုမ္ပဏီ ထောင်လိုက်တယ်။ တရုတ်ပြည်က ကုမ္ပဏီသေးလေးတွေအကြောင်းကို အင်္ဂလိပ်စာနဲ့ ရေးတယ်။ အဲဒီကုမ္ပဏီလေးတွေဆီကို သွားပြီး သူတို့ ဘာလုပ်ငန်းလုပ်တယ်၊ ဘာပစ္စည်းတွေရောင်းတယ်၊ ပစ္စည်းစျေးနူန်းတွေက ဘယ်လောက်လဲ၊ ကုမ္ပဏီကို ဆက်သွယ်ရမယ့် လူတွေရဲ့ နာမည်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီလိပ်စာတွေကို စာရင်းလိုက်ကောက်ယူတယ်။ သူတို့ ရောင်းချတဲ့ ပစ္စည်းတွေကိုလည်း ဓါတ်ပုံ ရိုက်ယူလာတယ်။ ရလာတဲ့ အချက်အလက်တွေကို အင်္ဂလိပ်လို ဘာသာပြန်ရေးလိုက်ယ်။ ရေးပြီးသားစာတွေနဲ့ ပစ္စည်းဓါတ်ပုံတွေကို စီယေးတားမှာ နေတဲ့ သူ့ပါတနာ စတူးဝပ်ဆီကို စာတိုက်ကနေ ပို့ပေးလိုက်တယ်။ စတူးဝပ်က အဲဒီအချက်အလက်၊ ဓါတ်ပုံတွေကို ဂျက်မားအတွက် တည်ဆောက်ထားတဲ့ Hope ဘာသာပြန်ဝက်ဆိုဒ်ပေါ်ကို အင်တာနက်ကနေ တင်ပေးလိုက်တယ်။ ဒါကြောင့် နိုင်ငံတကာက ကုန်သည်တွေဟာ တရုတ်နိုင်ငံက ကုမ္ပဏီသေးလေးတွေကို သိလာကြတယ်။
ဒါကလည်း ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ နောက်ဥပမာတစ်ခုပါ။
ဗန်းမော်သိန်းဖေ
၁၁-၁၂-၂၀၁၆
Thursday, 3 September 2020
မြင်ရလျက်ပင်
လူဟာ စဉ်းစားဉာဏ်ရှိသော သတ္တဝါဖြစ်တယ်။ Man is a rational animal လို့ စပြီးပြောခဲ့တာဟာ
ဂရိတွေးခေါ်ပညာရှင် အာရစ္စတိုတယ်ဖြစ်တယ်လို့ ယူဆကြတယ်။
အာရစ္စတိုတယ်က......"သက်ရှိဟူသမျှမှာ အတ္တ ဝိညာဉ်ဆိုတာရှိတယ်။ အပင်သက်ရှိတွေမှာရှိတဲ့ အတ္တဝိညာဉ်ကတော့ အနိမ့်ကျဆုံးဖြစ်တယ်။ ဒါထက် အဆင့်မြင့်တဲ့ အတ္တဝိညာဉ်ကတော့ တိရစ္ဆာန်မှာရှိတယ်။ လူမှာရှိတဲ့ အတ္တဝိညာဉ်ကတော့ အမြင့်မြတ်ဆုံးပဲတဲ့။ လူရဲ့အတ္တဝိညာဉ်မှာ ပညတ် Concepts တွေကို အသုံးပြုပြီးစဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့ စွမ်းရည်တည်ရှိတယ်။ ဒီလို စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်ရှိခြင်းကြောင့် လူသတ္တဝါဟာ တခြားသက်ရှိတွေမှာရှိတဲ့ အတ္တဝိညာဉ်တွေနဲ့ ခြားနားသွားခြင်းဖြစ်တယ်။ တစ်နည်းပြောရရင် လူဟာ လောကဓမ္မသဘာဝတွေကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ထွင်းဖောက်သိမြင်နိုင်တဲ့သတ္တဝါဖြစ်ခြင်းကြောင့် လူဟာ
သတ္တလောကမှာ အမြင့်မြတ်ဆုံးသူဖြစ်တယ်"လို့ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်။
ဆင်ခြင်နိုင်မှု၊ ဆင်ခြင်တုံတရားရှိမှုကြောင့် လူဟာ မြင့်မြတ်တဲ့သတ္တဝါဖြစ်တယ်လို့ သဘောသက်ရောက်နေတာကို ဒဿန ဆရာကြီး ဘာထရန်ရပ်ဆယ်လ်က သရော်ချင်ဟန်တူပါတယ်။ Unpopular Essays စာအုပ်ထဲက An Outline Of Intellectual Rubbish ဆိုတဲ့စာစုမှာ ရပ်ဆယ်လ်က....." လူဟာ ဆင်ခြင်ဉာဏ်ရှိတဲ့ သတ္တဝါလို့ပြောကြတယ်။ ဒီအဆို မှန်ကန်ရဲ့လားလို့ သက်သေ အထောက်အထားတွေ ရှာကြည့်ခဲ့ဖူးပါတယ်။ အာရှ ဥရောပ အစရှိတဲ့တိုက်ကြီးတွေပေါ်က နိုင်ငံအများအပြားမှာလည်း ရှာဖွေကြည့်တယ်။ ဒါပေမယ့် လူ့လောကကြီးဟာ မိုက်မဲရူးသွပ်ခြင်း ဆီကိုပဲ အဟုန်ပြင်းစွာနဲ့ ရွေ့ရှားနေတာကိုပဲတွေ့နေရတယ်။ ရက်စက်ခြင်းတွေ ၊ နိုင်လိုမင်းထက်ပြုမူခြင်းတွေ၊
အယူသီးစွာနဲ့ ပြုမူနေခြင်းတွေ တိုးသည်ထက် တိုးလာတာကိုပဲ တွေ့နေရတယ်" တဲ့။
လူတွေမှာ အသိဉာဏ်၊ ဆင်ခြင်ဉာဏ် အမှန်တကယ် ရှိရင် မိုက်မဲစွာပြုမူခြင်းမျိုးတွေ ရှိမှာမဟုတ်ဘူး။ အခုတော့ ဒီအသိဉာဏ် ဆင်ခြင်ဉာဏ်နဲ့ ဆန့်ကျင်ဘက်တွေ ကိုပဲ တွေ့နေရတယ်။ ဒါကြောင့် လူကို စဉ်းစားဆင်ခြင် ဉာဏ်ရှိတဲ့သတ္တဝါလို့ ဖွင့်ဆိုနေခြင်းဟာ အင်မတန်ဟောင်းနွမ်းရှေးကျတဲ့ လူ့အဖြစ်ကို ဖော်ပြနေခြင်းများ ဖြစ်နေလေရော့သလားလို့ ရပ်ဆယ်လ်က သရော်ချင်ဟန် တူပါတယ်။
နှစ်ဆယ့်တစ်ရာစုကိုရောက်လာလို့ လူတွေပိုပြီး အသိဉာဏ်တွေရှိလာ၊ ဆင်ခြင်တုံတရားတွေ တိုးတက်လာသလားလို့ကြည့်တော့လည်း.....သည်းလှိုက်ရင်တုန်ဖွယ် မိုက်မဲမှုတွေ ၊ ရက်စက်မှုတွေကို တွေခဲ့ရတာပဲ ၊ တွေ့နေရတာပဲ .....ဒတ်ခ်ျစာရေးဆရာကြီး အီရာဇမား (Erasmus) ပြောခဲ့သလို လူတွေရဲ့ မိုက်မဲခြင်းတွေဟာ သက်ဆိုးရှည်တုန်းပါပဲ။
ရပ်ဆယ်လ်က "လူ့ရဲ့အသိဉာဏ် ဆင်ခြင်ဉာဏ်ဟာ အစွဲ ဥပါဒါန်တွေရဲ့ ဖုံးလွှမ်းခြင်းကို ခံနေတယ်" လို့ မြင်ပြတယ်။ မိုက်မဲခြင်းတွေရဲ့နောက်လိုက်ဘဝရောက်နေရပုံကို ရှင်းပြလိုဟန်ရှိပါတယ်။
ဘင်ဂျမင်ဖရင်ကလင် ( Benjamin Franklin ) က မိုးကြိုးလွှဲကို တီထွင်ခဲ့တယ်။ အဲဒီတုန်းက အင်္ဂလန်နဲ့ အမေရိကမှာ ရှိတဲ့ ဘာသာရေးအစွဲဥပါဒါန်ကြီးသူတွေက ဘင်ဂျမင်ဖရင်ကလင်ကို ရှုတ်ချကြတယ်။ မိူကြိုးလွှဲကို တီထွင်တာ ဘုရားသခင်ကို အန်တုတာ ဖြစ်တယ်တဲ့။ သူတို့စွဲယူထားတာက....မိုးကြိုးပစ်တာဟာ ဘုရားသခင်က ပစ်တာ ၊ ဘယ်သူ့ကိုပစ်တာလဲဆိုတော့ ဘာသာတရားကိုမယုံ ကြည်သူတွေ ၊ မကောင်းမှုဒုစရိုက်ပြုသူတွေကိုပစ်တာ ၊ ဒီတော့ ဘင်ဂျမင်ဖရင်ကလင် မိုးကြိုးလွှဲလုပ်တာဟာ အဲဒီဘာသာမယုံသူတွေ ၊ ဒုစရိုက်သမားတွေကို မိုးကြိုးနဲ့ပစ်ခွင်းပြီး ဘုရားသခင်ကအပြစ်ပေးခြင်းကို ဟန့်တားရာရောက်နေတာ်လို့ မြင်ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် မက်ဆာချူးဆက်ပြည်နယ် (Massachusetts) မှာ ငလျင်လှုပ်တော့ အဲဒီ ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒါက်တာပရိုက်စ် Dr. Price က....' ဖရင်ကလင်ရဲ့ မိုးကြိုးလွှဲတွေကို ဘုရားသခင်က အမျက်တော်ရှတဲ့အတွက် အခုလို ငလျင်လှုပ်ပြတာလို့ ယုံယုံကြည်ကြည်ပြောတယ်။ ပြီးတော့ သူကဒီမိုးကြိုးလွှဲတွေကို အခြားမြို့တွေမှာထက် ကျုပ်တို့ ဘော်စတွန်မြို့မှာ (Boston) အများကြီးပိုစိုက် ထားတယ်။ ဒါကြောင့် ငလျင်လှုပ်တော့ ဘော်စတွန်မြို့က ပိုပြီးအလှုပ်ခံရတာပဲ" လို့ပြောလိုက်သေးတယ်။
ရပ်ဆယ်လ်ဟာ အစွဲဥပါဒါန်တွေဖုံးနေတဲ့ ဒေါက်တာ ပရိုက်စ်ရဲ့ အမြင်ကို ဘယ်လိုသရော်ခဲ့သလဲ ဆိုတော့ " ဘော်စတွန်မှာ မိုးကြိုးလွှဲတွေ များသည်ထက်များလာပေမယ့် ငလျင်မလှုပ်တော့ဘူး။ ဒါဟာ ဘုရားသခင်က ဘော်စတွန်မြို့ကို မကောင်းမှုဒုစရိုက်တွေမှ ကင်းဝေးအောင်ဖယ်ရှားဖို့ကိစ္စကို လက်လျှော့လိုက်တာကြောင့် ဖြစ်ပါလိမ့်မယ်"တဲ့။
လူရဲ့အသိဉာဏ်ဘယ ဆင်ခြင်ဉာဏ်ကို အစွဲဥပါဒါန်တွေ ဖုံးလွှမ်းတဲ့အခါမှာ စဉ်းစားပုံ စဉ်းစားနည်းတွေဟာလည်း မှားယွင်းချွတ်ချော်ကုန်တာပါပဲ။ အတွေးတွေ မှယွင်းချွတ်ချော်ကုန်ရင် အလုပ်တွေလည်း မှားယွင်းမှာပဲ။ နှစ်ဆယ့်တစ်ရာစုထဲမှာလည်း အလုပ်မှားနေတာတွေ.... ရက်စက်မှုတွေကို မြင်နေရဆဲပါပဲ။
နန္ဒာသိန်းဇံ
အမှတ် ၁၀၄ ၊ အင်တာဗျူးဂျာနယ်
Tuesday, 11 August 2020
Tuesday, 4 August 2020
Saving , Budget Control , Income အကြောင်း
ရေးသားသူ _ ဆရာမ မွန်ဟော်စီ
ငွေကြေးနဲ့ ပတ်သက်လာပြီဆိုရင် ကျွန်မတို့မှာ
ရည်မှန်းချက် Goals တွေရှိသင့်ပါတယ်
အကြွေးတွေကြေချင်တာလား..
အိမ်ကလေးဝယ်ချင်တာလား..
ကားလေးစီးချင်တာလား..
စသည်ဖြင့် ရည်မှန်းချက်ကလေးတွေရှိသင့်ပါတယ်
အဓိကကတော့ Saving စုငွေ နဲ့ Budget အသုံးစရိတ်တို့ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့ပါပဲ..
စုငွေစာရင်းမှာ..
မတိုးလာရင်နေပါ
လျော့မသွားအောင်တော့ထိန်းသင့်ပါတယ်
ကျွန်မတို့ဟာ..ငွေပမာဏ နည်းနေရင် ငွေကိုမစုချင်ကြပါဘူး..
တကယ်တော့..နည်းသည်ဖြစ်စေ
များသည်ဖြစ်စေ ငွေစုမိဖို့လိုပါတယ်..
စုလိုက်မိတာကအမြတ်ပါပဲ
တစ်ပတ်စာသုံးထားပြီးကျန်တဲ့ ငွေ အရွက်အသေးလေးတွေကိုစုပါ..
ဘဏ်စာရင်းလေးဖွင့်ပြီး တစ်လတစ်ခါ နိုင်သလောက်လေးစုပါ..
ပိုက်ဆံ မစုမိတော့ အလုပ်တစ်ခုမှာ ၁၀နှစ်လောက်သာဖြစ်သွားတယ် ခုအလုပ်ရပ်လိုက်နောက်နေ့ပိုက်ဆံမရှိတော့တဲ့ ဘဝတွေဖြစ်ကုန်ကြတယ်
တစ်လကို တစ်သိန်းလောက်ပုံမှန်လေး စုမိတယ်ဆို တစ်နှစ်ကို ၁၂သိန်း
၁၀နှစ်ကို သိန်း၁၂၀
Something is better than nothing ပေါ့ တစ်လတစ်လ ဘာမှမရလိုက်ဘဲ ပိုက်ဆံလေးတွေ ကလ ူကလူ ကလူဆိုပြီး အိတ်ထဲကပြန်ထွက်သွားတာထက်စာရင် တစ်ခုခုလေး လက်ထဲမှာ ထုတ်ထုတ်ပိုက်ပိုက်လေးဖြစ်သွားရင် မကောင်းဘူးလားပေါ့နော်
စုထားတဲ့ငွေမရှိရင် ကျန်းမာရေးကိစ္စလို အရေးပေါ်ငွေလိုတဲ့အခါ ဒုက္ခရောက်ရပါတယ်
အကြွေးဆိုတာလည်း မရှိလေကောင်းလေပါပဲ
ဝင်ငွေရပေါက်ရလမ်းတွေကိုလည်း စဉ်းစားသင့်ပါတယ်.
ဝန်ထမ်းတွေမို့လို့ လစာအဖြစ်ရတဲ့ငွေဟာ Earned Income ထဲမှာပါပါတယ်
ကျူရှင်ပြတာကလည်း Earned Income ပါပဲ..
တချို့ကျတော့ အိမ်အကြီးကြီးကိုအဌားချလိုက်တယ်..
ကိုယ်က အိမ်သေးသေးလေးမှာပြန်ဌားနေတယ်
အိမ်သေးသေးလေးထဲမှာ ကိုယ်က အိပ်နေပေမဲ့ အိမ်အကြီးကြီးက ကိုယ့်ကိုပိုက်ဆံ ပြန်ရှာပေးနေတယ်
ဒါကိုတော့ အဌားချထားရငွေ Rental Income လို့ပြောရပါမယ်
ကားဝယ်ထားပြီး..ကားကို ကုမ္ပဏီမှာ အပ်ထားတယ် ကိုယ်တိုင် ယာဉ်မောင်းလစာယူပြီး ကားပြန်မောင်းတယ်
ဒါလည်း ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်သလိုပေါ့..
ဘဏ်ကနေ အတိုးရတဲ့ငွေဟာလည်း Interest Income အနေနဲ့ ရှိနိုင်ပါသေးတယ်
မြန်မာပြည်မှာ ဘဏ်အတိုးနှုန်းများတော့ စာရင်းသေအပ်ငွေစာရင်း Fixed Deposit လုပ်ထားပြီး ဘဏ်တိုးနဲ့ ထိုင်စားလို့ရနေတဲ့သူတွေလည်း ရှိကြပါတယ်
Royalty Income ဆိုတာလည်းရှိသေးတယ်
စာအုပ်ရေးတာ ရုပ်ရှင်ရိုက်တာ..သီချင်းရေးတာ..
စတဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးသူတွေရဲ့ ဥာဏ်ရည် ပစ္စည်းတွေ Intellectual Property အတွက်..ရနေတဲ့ ငွေမျိုးဖြစ်ပါတယ်
စာအုပ်တစ်အုပ်..တစ်ကြိမ်ပြန်ရိုက်တဲ့အခါ
သီချင်းတစ်ပုဒ် တစ်ကြိမ်ပြန်ဆိုတိုင်း
တစ်ကြိမ်ငွေထပ်ရတယ် ဆိုတာမျိုးပါ
ကျွန်မမှာတော့ အခုနောက်ပိုင်း ဒီဝင်ငွေကလေးတစ်ခုတိုးလာလို့ အသက်ရှုချောင်ရပါတယ်
Profit Income ဆိုတာကတော့..
ပစ္စည်းတစ်ခုကို အမြတ်တင်ပြီး
ပြန်ရောင်းတာမျိုးပေါ့..
ခု..အိမ်မှာထိုင်ရင်း လုပ်နေကြတဲ့ online shopping ဆိုတာ ပစ္စည်းတစ်ခုကိုအမြတ်တင်ပြီးရောင်းတာမျိုးပါပဲ..
အခုခေတ်မှာ
အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လာပါတယ် အလုပ်လုပ်တတ်တော့လည်း
ပိုက်ဆံရဖို့ လွယ်လာကြပါတယ်
ရဖို့လွယ်သလို သုံးဖို့လွယ်မနေအောင် သတိထားကြရမှာပါ
လူတစ်ယောက်ဟာ ဝင်ငွေ ရပေါက်ရလမ်းကို တစ်ခုထက်ပိုပြီးရှာဖွေထားသင့်ပါတယ်
ကျွန်မတို့ဟာ
ကိုယ့်ငွေ တစ်လတစ်လ ဘယ်ကယိုစီးနေလဲဆိုတာ check လုပ်ဖိုတော့လိုအပ်တယ်
ဒါကတော့ Budget Control အသုံးစရိတ်ကို ထိန်းချုပ်တာပါ..
ပိုက်ဆံကို မမျော်လင့်ဘဲအများကြီးသုံးလိုက်မိတယ်ဆိုတဲ့သူတွေအများကြီးပဲ..
ကျွန်မတော့ ကြက်ဥကုန်လို့ စျေးသွားပါတယ်
ထောပတ်ရော ပေါင်မုန့်ရော..နို့ရော လက်ထဲမှာ ပါလာတတ်တာပဲ..
ပြီးရင်..ဟယ်..ပိုက်ဆံလေးတွေ ဘယ်ရောက်သွားပါလိမ့်ဖြစ်ရော..
တကယ်တော့ ကြက်ဥဝယ်မယ်ဆို ကြက်ဥဖိုးလောက်ပဲ အိတ်ထဲမှာ Limit လုပ်ပြီးယူသွားတာ အကောင်းဆုံးပါ
စျေးသွားတဲ့အခါ ဝယ်ဖို့လိုတာထက် ကျွန်မတို့ပိုဝယ်တတ်ကြတယ်
ဥပမာ အကြော်ဝယ်တယ်ပဲဆိုပါစို့
အကြော် ၁ခု ၂ခုကတော့မစားနိုင်တော့ဘဲ အမြဲပိုနေတယ်
ကျွန်မတို့ဝယ်တဲ့အခါ စားနိုင်မစားနိုင်တာကိုမေ့ပြီး စားချင်တဲ့စိတ်ကိုပဲ ရှေ့တန်းတင်ပြီးဝယ်ကြတယ်
အဲဒါမျိုးတွေကြောင့်
နောက်ဖေးမီးဖိုချောင်မှာ အမြဲအပိုအလျှံရှိတတ်ကြတယ်
ကျွန်မတို့သားအမိဟာမီးဖိုချောင်စားရိတ် တစ်လ ၁သိန်းခွဲလောက်နဲ့ပြီးချင်တာမို့
နေ့တိုင်းထမင်းပွဲသိမ်းပြီးရင်
ပလတ်စတစ် ဘူးလေးတွေနဲ့ စားပြီးကျန်သမျှ တစ်ဗူးစီ သပ်သပ်ရပ်ရပ် ထည့် ပြီး ရေခဲသေတ္တာထဲသိမ်း
အသဲလေးတွေကျန်ရင် ပဲသီးနဲ့နောက်နေ့ပြန်ရောကြော်
ဟင်းရံလေးတစ်ခွက်ဖြစ်အောင်လုပ်တတ်လာတယ်
စားစရာ သောက်စရာဟာ အလကား ရတာမဟုတ်ဘူး
ကမ္ဘာပေါမှာ တချို့လူတွေ ငတ်ပြတ်နေကြတဲ့အချိန်မှာ ကျွန်မတို့အိမ်ကမီးဖိုချောင်ထဲက ထမင်းတစ်ဆုပ်တောင် အလေအလွင့်ဖြစ်မသွားစေချင်တဲ့ဆန္ဒမျိုးကျွန်မမှာရှိတယ်
တစ်လကို ၆သိန်း ၇သိန်းလောက်ပျှမ်းမျှဝင်ငွေရှိတဲ့ သာမာန်လူလတ်တန်းစားတွေ..တစ်လတစ်လ မိတ်ဆွေ သူငယ်ချင်း တွေစုပြီး Night Out သွားတယ်
ကာရာအိုကေသွားတယ်ဆိုတာမျိုးဟာ မကုန်ဘူးဆို တစ်သောင်းခွဲ နှစ်သောင်းတော့ကုန်ကြတာပါပဲ
သွားတဲ့နေရာအလိုက်အနည်းအများကွာခြားမှုတော့ရှိမှာပေါ့လေ
တစ်လကို ၂ခါ Night out ရင်ပဲ ၅သောင်းလောက်ထိနေပြီ
ပြီးတော့
မီတာခဆိုတာလည်းတော်တော်စားတယ်
အိမ်ထဲမှာလဲကြည့်လေ လိုလို မလိုလို မီးတွေ အဲကွန်းတွေဖွင့်ထားတတ်ကြတာကိုး..
ခြံဂိတ်ဝကမီးကို ညနေမှောင်တဲ့အချိန် ၇နာရီမှာမဖွင့်ဘဲ ၅နာရီခွဲလောက်ကတည်းက မှောင်တော့မှာပဲလေဆိုပြီး ကျွန်မတို့ကြိုဖွင့်ထားကြတာမျိုး လုပ်တတ်ကြတယ်လေ
အဲဒီမီးကိုပဲ သတိထားပြီး လိုက်ပိတ်ကြည့် မီတာခတကယ် သိသိသာသာ သက်သာတယ်
အကျီင်္ချုပ်တဲ့ကိစ္စ အဝတ်အစားသစ်ဝယ်တဲ့ကိစ္စလေ
မိန်းမတွေဟာ ယောကျာ်းတွေနဲ့တူတာမဟုတ်ဘူး
ခဏ ခဏ အသစ်လိုချင်ကြတယ်လေ မဝယ်ရရင်စိတ်သိပ်မပျော်တော့ဘူးလေ
တကယ်တော့ ကျွန်မတို့မှာ အကျီင်္တွေဆိုတာ အများကြီး မှ အများကြီး
ဒါပေမဲ့ ပွဲလမ်းတစ်ခုရှိတိုင်းအသစ်ဝတ်ချင်
သူများ ဝတ်ထားတာ ကြိုက်လို့ လိုက်ဝတ်ချင် discount ချထားတာတန်လို့ ဝယ်ဝတ်ချင်နဲ့ ကျွန်မတို့ တစ်လကို သုံးတဲ့ အဝတ်အစားဖိုးဆိုတာ၅သောင်းပတ်ချာလည်တော့ရှိနေတတ်ကြတယ်
အမျိုးသားတွေမှာဆို ကွမ်းစားတာ ဆေးလိပ်သောက်တာတွေထည့်ပြောရမယ်
တစ်နေ့ကို တစ်ထောင်ဖိုး ဆေးလိပ်သောက်တဲ့သူဟာ..တစ်လမှာ..သုံးသောင်းလောက်ထိနေပါပြီ
တစ်နှစ်ကို ၃သိန်း၆သောင်းဖြစ်နေပါပြီ
ဒီငွေ ပမာဏဟာ..ဆေးရုံကြီးတစ်ရုံမှာ..
Medical check up လုပ်ဖို့ package လေးယူလိုက်လို့ရနေပါပြီ..
ကျန်းမာရေးထိခိုက်စေမဲ့နေရာမှာ ငွေကိုမသုံးဘဲ
ကျန်းမာ အသက်ရှည်ဖို့ကိစ္စမှာ ငွေသုံးလိုက်တာက ပိုမကောင်းဘူးလား..စဉ်းစားစရာပါ..
အနာဂတ်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်အေးစေချင်ရင် ငွေကြေးနဲ့ ပတ်သက်တဲ့ စီမံကိန်းကို သေသေချာချာ ပြင်ဆင်ထားဖို့လိုပါတယ်..
ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ..အိုးပိုင်အိမ်ပိုင်လေးလည်းရှိနေရမယ်.နေမကောင်းရင် ဆေးကုနိုင်ရမယ် လှူနိုင်တန်းနိုင်ရမယ်
ခရီးတွေ သွားပြီး စိတ်ကိုပျော်ရွှင်အောင်နေနိုင်ရမယ်..
ပိုက်ဆံမရှိရင် သေဖို့ကိစ္စတောင် အလွန်ခက်နေပါပြီ..
မွန်ဟော်စီ
၂၀၂၀ ဖေဖော်ဝါရီ
Thursday, 25 June 2020
မှတ်ဥာဏ်ကောင်းလှသောမင်းသိင်္ခ၏စာဖတ်နည်း
၁၉၉၆ ခုနှစ်ခန့်ကဖြစ်ပါသည်။
စာရေးဆရာကြီး မောင်သာရသည်
ထိုစဉ်က ညညဆိုလျှင် သု၀ဏ္ဏရှိ
အဘမင်းသိင်္ခ၏ အိမ်မှာ လာပြီး အိပ်လေ့ရှိသည်။
အဲဒီတုန်းက ည ၈ နာရီလောက်ဆိုလျှင်
အဘက ၀တ္ထုတစ်ပုဒ်ကို ပြောပြလေ့ရှိရာ ... .. .
----------------------------
တစ်နေ့တွင်
အဘမင်းသိင်္ခနှင့် ကျွန်ုပ်တို့သည်
ပန်းဆိုးတန်းရှိ မနောမယဂျာနယ်တိုက်သို့ ရောက်ရှိနေကြလေသည်။
အဘက ဆရာကြီးရွှေဥဒေါင်း၏
စာအုပ်အဟောင်းတစ်အုပ်ကို သွားရှာခိုင်းသည်။
ထိုစဉ်က ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင်
စာအုပ်အဟောင်းတန်းကြီးက မျက်စိတစ်ဆုံး
ရှိနေလေသည်။
စာအုပ်စျေးတွေကလည်း ကောင်းလိုက်သမှ
မိုးသို့ပျံနေတော့သည်။
အဘရှာခိုင်းလိုက်သောစာအုပ်က
အတော်ရှားရှားပါးပါးစာအုပ် ...၊
အတော့်ကို ခြေညောင်းချွေးပျံအောင် လိုက်ရှာရသည်။
တွေ့ပြန်တော့ စျေးက မိုးထိုးနေလေသည်။
ပုံမှန်စာအုပ်အသစ်တစ်အုပ်က ၃၀၀ ကျပ်ခန့်သာ
ရှိနေသောခေတ်တွင် ထိုစာအုပ်ဟောင်းက
၃၀၀၀ က်ပ္တဲ့ ...။
မတတ်နိုင် ...၊
အဘ အလွန်အရေးတကြီးလိုအပ်လွန်း၍သာ
အသည်းအသန် ရှာခိုင်းခြင်းဖြစ်မည်။
သို့ကြောင့် နှမျောတောတောဖြင့်ပင်
မျက်စိစုံမှိတ်၍ ထိုစာအုပ်ဟောင်းကို ၀ယ်ခဲ့ရလေသည်။
ပန်းဆိုးတန်းရှိ မနောမယတိုက်ကိုပြန်ရောက်တော့
အဘက စာပေမိတ်ဆွေတွေနှင့် စကားပြောနေကြသည်မှာ
တသောသော ...။
လူကြီးတွေ၏စကားဝိုင်းကြားမှာပင် ၀င်၍
ကျွန်ုပ်က ရှားရှားပါးပါး ခက်ခက်ခဲခဲ ရှာလာခဲ့ရသော
ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်အဟောင်းကို ပြလိုက်သည်။
အဘက တစ်ချက်မျှ လှမ်းကြည့်ရုံသာကြည့်ပြီး
'' အဲဒီစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာကို လှန်လိုက်ကွာ ..."
ဟုပြောသဖြင့် ကျွန်ုပ်လည်း ထိုစာမျက်နှာကို လှန်လိုက်ရလေသည်။
အဘက -
'' ဤလောက၌ နက်နက်နောနောဒုက္ခကို ခံစားဖူးသူသာလျှင်
နက်နက်နောနောသုခကို ခံစားရနိုင်ပေလိမ့်မည် ..."
ဟုအဓိပ္ပါယ်ရသော စာတစ်ကြောင်းကို ပါးစပ်မှ ရွတ်ချလိုက်လေသည်။
ပြီးတော့ ...
'' အဲဒီအတိုင်း ဟုတ်ရဲ့လား ..."
ဟု မေးသည်။ ကျွန်ုပ်က တအံ့တသြဖြင့် -
'' ဟုတ်တယ်အဘ ...၊ အဲဒီအတိုင်းပါပဲ ..."
ဟု ပြန်ဖြေလိုက်လျှင် အဘက -
'' အေးအေး ....၊ ရပြီ။
အဲဒါလေး အမှတ်မှားနေမှာစိုးလို့၊
အဲဒါလေး သေချာချင်လို့ စာအုပ်ရှာခိုင်းလိုက်တာပါ။
ရပြီ ...ရပြီ ..." ဟုပြောကာ မိတ်ဆွေများနှင့်
စကားဝိုင်းကို ပြန်ဆက်လေနေလေတော့သည်။
ရှာခိုင်းလိုက်သော စာအုပ်ကိုမူ လက်ဖျားနှင့်ပင်
တို့ကြည့်မသွားခဲ့ပါတော့ချေ။ ကျွန်ုပ်မှာဖြင့်
ရှာလိုက်ရသည်မှာ ခြေတိုမတတ် ...။
တကယ်တမ်းမှာတော့ဖြင့် အဘသည်
ထိုစာအုပ်ကို ပြန်ဖတ်လို၍ ရှာခိုင်းခြင်းမဟုတ်မူဘဲ
သူ၏စာမူတစ်ခုထဲတွင်
အထက်ပါစာပိုဒ်လေးကို ကိုးကားထည့်ရေးလိုသောကြောင့်သာ
သေချာတိကျ သိရအောင်
ရှာခိုင်းလိုက်ခြင်း ဖြစ်လေသည်။
ပြီးတော့ ... သူ ငယ်စဉ်က ဖတ်ထားခဲ့သော
ထိုစာသားတွေကိုလည်း သူက ဒိုးဒိုးဒေါက်ဒေါက် အလွတ်ရနေသည်။ အံ့သြဖွယ်ကောင်းလှပါသော
မှတ်ဥာဏ်ပါတည်း ...။
ထိုသို့လျှင် အဘသည်
သူငယ်စဉ်က ဖတ်ရှုမှတ်သားခဲ့သော စာများကို
အလျှဉ်းသင့်တိုင်း နှုတ်တိုက်ရွတ်ပြလေ့ရှိသည်ကို
ကျွန်ုပ် မကြာမကြာ ကြုံဖူးလေသည်။
ကမ္ဘာကျော်ကဗျာစာဆိုကြီး အိုမာခယမ်၏
အချစ်ရယ် ဝိုင်တစ်ခွက်ရယ် ပေါင်မုန့်တစ်လုံးရယ်
ဟူသောကဗျာကို အင်္ဂလိပ်လို အလွတ်ရွတ်ပြဖူးသည်။
ဆရာတော်ခင်ကြီးဖျော်၏ အင်္ဂဝိဇ္ဇာဋီကာကြီးအဖုံးနှင့် အတွင်းမှ စာပိုဒ်များကို အလွတ်ရွတ်ပြလေ့ရှိသည်။
ဆရာကြီးတင့်တယ်၏ ကမ္မဖလ၀တ္ထု၊ ဆရာကြီးပီမိုးနင်း၏
နေရီရီ၀တ္ထု၊ ဆရာကြီး သခင်ဘသောင်း၏ ပန်းသာမစာဥ၀တ္ထု၊
ဆရာကြီးပါရဂူ၏ သိဒ္ဓတ္ထ၀တ္ထုများကို အခန်းစဉ်အလိုက်
အသံနေအသံထားနှင့် ပြန်ပြောပြသည်များကို
ကျွန်ုပ်တို့ ထမင်းမေ့ဟင်းမေ့ဖြင့် တမေ့တမောကြီး
နားထောင်ခဲ့ကြရဖူးလေသည်။
--------------------------------------
(#မှတ်ချက်။ ။ ၁၉၉၆ ခုနှစ်ခန့်ကဖြစ်ပါသည်။
စာရေးဆရာကြီး မောင်သာရသည်
ထိုစဉ်က ညညဆိုလျှင် သု၀ဏ္ဏရှိ
အဘမင်းသိင်္ခ၏ အိမ်မှာ လာပြီး အိပ်လေ့ရှိသည်။
အဲဒီတုန်းက ည ၈ နာရီလောက်ဆိုလျှင်
အဘက ၀တ္ထုတစ်ပုဒ်ကို ပြောပြလေ့ရှိရာ
ကျွန်ုပ်တို့ကလေးများက အဘ၏ရှေ့တွင်
ထိုင်၍လည်းကောင်း၊ ရပ်၍လည်းကောင်း၊ တုံးလုံးလှဲ၍လည်းကောင်း
အဘပြောပြသမျှကို ဇာတ်ပွဲကြည့်သည့်ပမာ နားထောင်ကြရင်း
တဝါးဝါးတဟားဟား ရယ်လိုက်၊ တောက်ခေါက်လိုက်၊
လက်ခုပ်လက်ဝါးတီးလိုက်ဖြင့် ရှိခဲ့ကြဖူးပါသည်။
နေရီရီတို့၊ သိဒ္ဓတ္ထတို့၊ ကမ္မဖလတို့ဆိုသည့် ၀တ္ထုတွေက
တစ်ညတည်းနှင့်မပြီး ....၊ လေးငါးခြောက်ည တစ်ပတ် ပြောယူရလေသည်။
အဲဒီမှာ ဆရာကြီးမောင်သာရကလည်း
ည ၈ နာရီခန့်ဆိုလျှင်
လေးဘီးကားလေးတစ်စီးဖြင့် ရောက်လာတတ်ပြီး
ကျွန်ုပ်တို့ကလေးများနှင့်အတူ ဝိုင်း၍ထိုင်ကာ
အဘပြောပြသော ၀တ္ထုဇာတ်လမ်းကို နားထောင်လေတော့သည်။
နောက်နေ့မနက်ကျတော့
အပြင်သို့သွားခါနီးမှာ ဆရာကြီးမောင်သာရက -
''ဖိုးအောင်ထွန်းရေ ... ညက ၀တ္ထုကို မပြောနှင့်နဲ့ဦးနော် ...၊
ကိုယ်ပြန်လာမှပြော ..." ဟု
သူ့အသံသြသြကြီးနှင့် မှာလေတော့ရာ အဘက -
'' မဟုတ်တာပဲဆရာကြီးရယ် ...၊ ကျွန်တော်က
ကလေးတွေကို ပြောပြတာပါ။ အဲဒီစာအုပ်တွေက ဆရာ ဖတ်ဖူးပြီးသားတွေပါ ..."
ဟု အားတောင့်အားနာနှင့် ပြန်ပြောလေသည်။
ထိုအခါ ဆရာကြီးမောင်သာရ ပြန်ပြောလိုက်သည့် စကားမှာ -
'' ဖတ်ဖူးတာကတော့ ပြောမနေနဲ့ ဖိုးအောင်ထွန်းရေ ....၊
ဟိုဘက်တောင်လွန်နေဦးမယ်၊ ဒါပေမဲ့ ၀တ္ထုစာအုပ်တွေထဲမှာက
ကိုရင်ပြန်ပြောပြသလို ခြေဟန်လက်ဟန်တွေ
အသံနေအသံထားတွေ မပါဘူးလေဟာ၊ ကိုရင်ပြန်ပြောပြတော့
အဲဒါတွေက အရသာရှိနေတာဟ ..." ဟု ဖြစ်လေတော့သည်။
ဆရာကြီးမောင်သာရလို ဆရာရင့်မာကြီးတစ်ဦးက
အဘမင်းသိင်္ခ ပြန်ပြောသော ၀တ္ထုတွေကိ်ု
ကလေးတစ်ယောက်ပမာ ပူပူဆာဆာနှင့် နားထောင်ခဲ့ဖူးသည်ဆိုခြင်းကလည်း
အမှတ်တရကလေး တစ်ခုပါပေ ...။)
------------------------------------------------
တစ်ခါက မြေနီကုန်းက အရက်ဆိုင်အနီးမှာ
တုန်ချိချိအဘိုးကြီးတစ်ဦးနှင့်သူနှင့် မတော်တဆ စကားများကြသည်။
စကားများရင်း ထို တုန်ချိချိအဘိုးကြီးမှာ စာရေးဆရာကြီး တင့်တယ်ဖြစ်ကြောင်း သူသိသွားတော့ ပျာပျာသလဲဖြင့်
'' ကျွန် ... ကျွန်တော်က ဆရာ့ ပရိသတ်တစ်ဦးပါ ..." ဟု
တောင်းပန်လေတော့သည်။ အစက သူသည်
ထိုအဖိုးကြီးကို အပေါ်မှစီး၍ နင်ပဲငဆ ပြောနေခဲ့ခြင်းဖြစ်သည်။
ယခုတော့ အဘိုးကြီးက ခနဲ့ပြုံးပြုံး၍ -
'' ဒါမျိုးတွေ ရိုးနေပါပြီကွာ ...၊ စာရေးဆရာနဲ့တွေ့ရင်
ကျွန်တော်ကဖြင့် ကျွန်မကဖြင့် ဆရာ့ပရိသတ်ပါ ...
လို့ ပြောတတ်သူတွေချည်းပါပဲ ....။ ဒါမျိုး လာမရွှီးနဲ့ ...၊
အံတိုနေပြီကောင်လေးရေ ... " ဟုပြောပြောဆိုဆိုပင်
ဆရာတင့်တယ်ဆိုသော တုန်ချိချိအဘိုးအိုက
သူ၏ပါးစပ်ကိုဟ၍ အံသွားများကို လက်ညှိုးဖြင့်
ထိုးပြလေသည်။
ထိုအခါ အဘက -
'' ဆရာရေးတဲ့ ကမ္မဖလ ကို ကျွန်တော် အခန်းစဉ်အလိုက်
အလွတ်ရတယ်။ အချို့နေရာတွေမှာ လုံးစေ့ပတ်စေ့
သည်၏မလွဲ ရွတ်ပြနိုင်တယ် ... " ဟု ပြောလိုက်ပြန်လျှင်
ဆရာကြီးတင့်တယ်က အတန်ငယ် စဉ်းစားနေပြီးနောက် ...
'' အေးဟုတ်တယ်ကွ ....၊ ကမ္မဖလ ... ငါရေးခဲ့ဖူးတယ် ... "
ဟု ပြန်ပြောသည်။ ထိုသောအခါ အဘက ကမ္မဖလ၀တ္ထုအစပိုင်းကို
ပြောပြလိုက်သည်။
'' အေး .. .အေး ...၊ သူဌေးကြီးဦးနကီး ...၊ ဟုတ်တယ်ကွ ...၊ အင်း ... ဟုတ်ပါ့ဟုတ်ပါ့ ....၊ ဆက်ပြောစမ်းပါဦးကွ ..."
အဘလည်း ကမ္မဖလ၀တ္ထုကို အခန်းစဉ်အလိုက် ဆက်ပြောသည်။
တုန်ချိတုန်ချိအဘိုးအို ဆရာကြီးတင့်တယ်က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ရင်း -
'' ဆက်ပြောပါဦးကွ၊ ဆက်ပြောပါဦးကွ ..." ဟု ထောက်ပေးလိုက်သည်မှာ မြေနီကုန်း အရက်ဆိုင်ကလေးဘေးက
ဘတ်စ်ကားမှတ်တိုင်အနီးတွင်
ကမ္မဖလကို ရေးခဲ့သောစာရေးဆရာကြီးနှင့် ကမ္မဖလကို အလွတ်ရနေသော လူရွယ်တစ်ဦးတို့သည် ကမ္မဖလကို
ဇာတ်ကြောင်းပြန်ရင်း မိုးကြီးချုပ်ခဲ့ကြရဖူးပါလေသည်။
----- -------------- -------
၁၉၈၈ အရေးတော်ပုံပြီးနောက် အဘသည်
အင်းစိန်တောရသို့ ဒုတိယအခေါက်
ရောက်ရပြန်လေသည်။ ထိုသောအခါတွင်လည်း
အဘပြောပြသော သိဒ္ဓတ္ထ၀တ္ထု၊ နေရီရီ၀တ္ထု၊ အိုမာခယမ်၏
အင်္ဂလိပ်ဗားရှင်းကဗျာစုများကို တမေ့တမောနားထောင်ခဲ့ကြရဖူးသူ
နိုင်ကျဉ်းများ ယခုတိုင် သက်ရှိထင်ရှား ရှိနေကြပါသေးသည်။
အဘမင်းသိင်္ခ၏ မှတ်ဥာဏ်က ထိုသို့လျှင်
အံ့အားသင့်ဖွယ်ရာ ...၊ အဘ၏ မှတ်ဥာဏ်သည်
အဘယ်ကြောင့် ထိုသို့ ကောင်းနေရပါလေသနည်း။
တစ်ခါတွင်မတော့ အကြောင်းတိုက်ဆိုင်ပြီး အဘက
သူ မှတ်ဥာဏ်ကောင်းရပုံ အကြောင်းရင်းကို
ဤသို့ ပြောပြခဲ့လေသည်။
(အခြားအလုပ်လေးရှိသးလို့ ခဏရပ်လိုက်ပါဦးမယ်ဗျာ ...ညနေ ဆက်ရေးပါမယ်ဗျာ ...)
'' ဒီလိုကွ ...တကယ်တော့ ငါက ထူးပြီး
မှတ်ဥာဏ်ကောင်းနေတာ မဟုတ်ပါဘူး၊ အားလုံးဟာ
မှတ်ဥာဏ်အရာမှာ မတိမ်းမယိမ်းတွေ ရှိကြမှာပါပဲ ...၊
ငါ တချို့စာတွေကို အလွတ်လိုလို ရနေတယ်ဆိုတာ
ငါ့ရဲ့ငယ်ဘ၀က ဆင်းရဲခဲ့လွန်းလို့ကွ ..."
''ဗျာ ... ဆင်းရဲလို့ မှတ်ဥာဏ်ကောင်းတာ ..."
'' ဒီလိုလေကွာ ...၊ ဆင်းရဲတော့
စာအုပ်တွေဘာတွေ ၀ယ်မဖတ်နိုင်ဘူးပေါ့ကွာ၊
အဲဒီတော့ သူငယ်ချင်းတွေမှာရှိတဲ့ စာအုပ်ကလေးတွေကို
ငှားဖတ်ရတာပေါ့ ...၊
စာအုပ်ငှားဖတ်ရတာကလည်း တစ်ခါတလေ
မျက်နှာအငယ်ရသားကလားကွ ...။
သူငယ်ချင်းတွေက ဘာမှ မပြောရင်တောင်
သူ့မိန်းမတို့၊ သူ့ကြီးဒေါ်တို့ဆိုတာမျိုးတွေက
စာအုပ်ငှားပြီးရင် မှတ်မှတ်ရရ ပြန်ပေးနော်တို့၊
ရိုရိုသေသေကိုင်တို့၊
ပြီးမှ ရွှေပျောက်သလိုလို ရူးသလိုလို မလုပ်နဲ့တို့ ...၊
ဘယ်နေ့ပြန်ပေးမှာလဲတို့ ...၊ ဖတ်ချင် ၀ယ်ဖတ်ပါလားတို့ ...၊
စသဖြင့် မျက်နှာငယ်ရတယ် သိမ်ငယ်ရတယ်ပေါ့ကွာ ...။
တစ်ခါတလေများ ဖတ်ရတာနဲ့တောင် မကာမိလောက်အောင်
အပြောအဆိုခံရတာမျိုးကွ ...၊
အဲဒီတော့ ငါ့ဘ၀က
ဒီစာအုပ်ကလေးကို တစ်ခါဖတ်ခွင့်ရဖို့အရေးတောင်
မနည်းကြီး ကြိုးစားရတာ၊ ဒီစာအုပ်ကို နောက်တစ်ခါ
ထပ်ပြီးဖတ်ခွင့်ရဖို့ဆိုတာက
ငါ့ဘ၀မှာ မသေချာဘူးလေကွာ ...၊
အဲဒီတော့ စာတစ်အုပ် ဖတ်ခွင့်ကြုံပြီဆိုတာနဲ့
ဘယ်လိုဖတ်ရသလဲဆိုတော့ ...
နံပါတ်တစ် - စာတစ်အုပ်ကို
သူလိုကိုယ်လိုပဲ အစအဆုံး ဖတ်လိုက်တယ်။
နံပါတ်နှစ် - အဲဒီစာအုပ်ထဲက
ကိုယ်ကြိုက်တဲ့အခန်းတွေ
အထူးပြု မှတ်သားရမယ့်အခန်းတွေကိုရွေးပြီး
ဒုတိယအခေါက် ပြန်ဖတ်တယ်။
(အဲဒီ အကြောင်းအရာတွေဟာ
ခေါင်းထဲ ရင်ထဲကို ပိုရောက်သွားပြီး
ပိုမှတ်မိသွားတာပေါ့)
နံပါတ်သုံး - ကိုယ်ကြိုက်တဲ့အထဲ၊
အထူးပြု မှတ်သားရမယ့်အထဲကမှ
ဒိုးဒိုးဒေါက်ဒေါက် နှုတ်တက်ရသင့်တဲ့စာမျိုးတွေကျတော့
ကျောင်းသား စာကျက်သလိုကိုပဲ ကျက်ပစ်လိုက်တယ် ...
အဲဒီတော့ ငါ့အနေနဲ့
ငါဖတ်ဖူးတဲ့စာအုပ်သာဖြစ်လို့ကတော့
အဲဒီစာအုပ်ထဲက အကြောင်းအရာတွေကို
အများသူငါမှတ်မိသလို မှတ်မိနေတဲ့အပြင်
ထူးထူးခြားခြားအခန်းတွေကို
ပိုပြီးအသေးစိပ် မှတ်မိနေတယ်။
လိုအပ်လာရင်
အချို့စာပိုဒ်တွေဆို
သည်၏မလွဲတောင် ပြန်ရွတ်ပြနိုင်တယ် ...။
ငါမှတ်ဥာဏ်ကောင်းတယ်ဆိုတာ
အဲဒီလိုပါကွာ ...၊ သူသူငါငါမှာရှိနေတဲ့ မှတ်ဥာဏ်ထဲမှာ
ငါ့ရဲ့ ဇွဲ ငါ့ရဲ့လုံ့လ၊ ငါ့ရဲ့ ဝီရိယ ပေါင်းထည့်လိုက်တာပါ ..."
အဘထံမှ ရလိုက်သောနည်းကလေးက
အထူးမှတ်သားဖွယ် ကောင်းလှပါသည်။ တန်ဖိုးကြီးလှပါတော့သည်။
အဘလောက် ဝီရိယ မစိုက်ထုတ်နိုင်စေကာမူ
စာဖတ်လေတိုင်း အဘ၏စကားကို ကြားယောင်မိကာ
အကျိုးထူးစေခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါတော့သည်။
-------- ---------------- ---------
ပြီးတော့ ... ရေးလက်စမို့ ဆက်ရေးလိုက်ပါဦးမည်။
'' အရမ်းခက်တဲ့စာတွေ၊
ကျက်ရခက်တဲ့စာတွေ၊ စာအရှည်ကြီးတွေဆိုရင်
ကျက်မနေနဲ့ ပုတီးစိပ်ပစ်လိုက်ကွ ...." တဲ့ ....၊
အဘ ပြောဖူးပါသေးသည်။
''ခင်ဗျာ ... စာကျက်ရခက်နေရင် ပုတီးစိပ်ရမယ် ...."
'' ဒီလိုကွ ... မင်းတို့ငါတို့
မြန်မာစာလည်းမဟုတ်၊ ကိုယ်လည်း လုံးစေ့ပတ်စေ့
နားမလည်တဲ့ ပါဠိစာတွေ၊ ဂါထာမန္တာန်တွေကို ဂျောင်းဂျောင်းပြေး
ရနေတာတွေ ရှိကြတယ်။ အချို့ ဘုရားရှိခိုးစာတွေ၊ ၈ါထာတော်ကြီးတွေ
ပရိတ်တော်ကြီးတွေဆိုရင် အရှည်ကြီးတွေကွ၊
ကျောင်းသား စာကျက်သလိုသာ ကျက်ရမယ်ဆိုရင်
ထိုင်ငိုချင်စိတ်ပေါက်သွားမယ်။
ဒါပေမယ့် နေ့နေ့ညည မကြာမကြာဆိုသလို
ရွတ်ပါဖတ်ပါများလာတော့
ကိုယ်တောင် ရမှန်းမသိဘဲ သည်၏မလွဲ
ရသွားတာလေကွာ ....၊
အဲဒီတော့ ...
စာအရှည်ကြီးတွေ ကျက်ရမှတ်ရမှာမျိုး
ကြုံလာရင် ....
ငါ ဒီစာကိုတော့ဖြင့် ရအောင်ကျက်လိုက်မယ်ဆိုပြီး
ကျက်တာထက်
၁၀၈ လုံးပုတီးနဲ့
၁၀၈ ခေါက်သာ ရွတ်ပစ်လိုက်စမ်းပါကွာ ...၊
ရမှန်းတောင်မသိလိုက်ဘဲနဲ့ ရနေတာကို
တွေ့ရပါလိမ့်မယ်တဲ့ဗျား ..."
ဤသည်မှာလည်း အဘမင်းသိင်္ခ ပြောပြသွားခဲ့ဖူးသော
စာကျက်နည်းကလေးတစ်ခု ဖြစ်ပါတော့သည်။
မိမိတို့ အခြေအနေနှင့် ဆက်စပ်ပေါင်းကူး အသုံးချလျက်
အသုံးတည့်တော်မူကြပါစေကုန်သတည်း။ ။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ
၂၀၁၉ စက်တင်ဘာ ၇
Thursday, 4 June 2020
စမတ်ကျတဲ့လူ
#အနေခက်အောင်ကူညီကြသူများ(နှစ်လိုဖွယ်ကောင်းတဲ့သူ)
အမေရိကန်နိုင်ငံသမိုင်းမှာ အင်မတန် ကျော်ကြားတဲ့ နိုင်ငံရေးသမားကြီး ဘင်ဂျမင် ဖရင်ကလင် Benjamin Franklin (1706-1790) ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ သူလိုလားတဲ့ အရည်အချင်း ဖော်ပြထားတာတွေပါ
Thursday, 19 December 2019
Monday, 25 November 2019
အခက်အခဲတွေက ဘဝကိုပြည့်စုံစေတဲ့အရာ
အဲဒီအခါမှာ တန်ခိုးရှငိက "ကူညီပါ့မယ်. . . . ဘာတွေကူညီရမလဲ လို့. . . " ပြောတယ်... အဲဒီတော့ လယ်သမားက တန်ခိုးရှငိကို သူ့ဘေးက ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်. . . . ကဲတန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်. . . မရွာအောင် လုပ်လိုက်. . . လို့ခိုင်းတယ်. . တန်ခိုးရှင်က လုပ်ပေးတယ် . . "လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်. . . လေမတိုက်အောင် လုပ်ပေးပါ. . . " လို့ပြောပြန်တယ်. . . တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပေးတယ်. . . . မိုးကြိုးတွေ ပစ်ရင်လည်း အသီးကို ဆုတ်ယုတ်စေတယ် ဆိုပြီး တားခိုင်းတယ်. . . . နေသိပ်ပူလာရင်လည်း ဂျုံပင်တွေ ညှိုးကုန်မယ်ဆိုပြီး မိုးအုံ့ခိုင်းတယ်. . . ရေလိုတဲ့အခါမှာ ရေရအောင် လုပ်ခိုင်းတယ်. . . စာကလေးတွေ လာတဲ့ အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်. . . တန်ခိုးရှင်ကလည်း လယ်သမား ဖြစ်ချင်တာတွေ အကုန်လုပ်ပေးတယ်. . .
ဒီတော့ ဂျုံပင်တွေဟာ အတော့်ကို ဖြစ်ထွန်းတယ် . . . အပင်တွေလည်း အမြင့်ကြီးတက်တယ်. . . . ဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို "ကဲ . . . . မြင်ပြီမို့လား. . . ကျုပ်ရဲ့ ဂျုံခင်းကြီးကို ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက် ကင်းအောင် လုပ်လိုက်တဲ့ အခါမှာ အပင်တွေက ဘယ်လောက် ဖွံ့ဖြိုးသလဲ ဆိုပြီး အားရ ဝမ်းသာ ပြောရှာတယ်. . . " ဒါပေမယ့် တကယ်တမ်းရိတ်သိမ်းတဲ့ အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး . . ဟောင်းလောင်းကြီး ဖြစ်နေတယ် ဂျုံဆိုလို့ လုံးဝကို မရတော့ ဘူး .
အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ ဘယ်လိုဖြစ်တာလည်းလို့ မေးတော့ တန်ခိုးရှင်က "ဒီလိုငါ့လူရဲ့ . . .နေပူတာ ၊မိုးကြိုးပစ်တာ၊ စာကလေး လာစားတာတို့ဟာ ဗြုန်းခနဲ့ ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ် လို့ထင်ရမှာပါပဲ. . . . ဒါပေမယ့် အဲဒါက တကယ်နှောင့်ယှက်တာ မဟုတ်ဘူး. . . ချဲလင့်(Challenge) လုပ်တာ ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ . . . အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့ အလုပ်ပေါ့. . . . . အဲဒီအံတုမှုတွေ မရှိဘဲ ငြိမ်ငြိမ်လေး နေတဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ . . အားကုန်ပြီး ခွန်အားတွေ ယုတ်လျော့သွားတာ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ. . . လို့" ရှင်းပြသတဲ့. .
ဒါကြောင့် လောကကြီးမှာ မပြည့်စုံဘူးဆိုတာ ကိုယ့်ကို ချဲလင့် လုပ်နေတာပါ. . . ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာပါ. . . . ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်ပါတယ်. . .ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ ရောက်လာပြီ ဆိုပြီး . . . လေ့ကျင့်ထားပါ. . . အဲလိုမလုပ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုရင်. . . . . ဂျုံစေ့တွေလိုပဲ အဆံမပါတော့ဘဲ ခွန်အားတွေ ဆုတ်ယုတ်လာမှာဖြစ်ပါတယ်. . . .
Credit: ဆရာမနိုင်းနိုင်းစနေ
Monday, 20 August 2018
ဇေကြီးဖတ်ဖို့ မှတ်စုတို ၂
ဆားပုလင်းနှင်းမောင်နှင့်ဇော်ဂျီဖိုဝင်သား ၀တ္ထုတိုမှ ဆားပုလင်းနှင်းမောင်မှ အိုင်ပီအောင်သင်းကိုပြောစကား
Monday, 7 August 2017
ဇေကြီးဖတ်ဖို့ မှတ်စုတိုများ
Thursday, 1 December 2016
Friday, 6 September 2013
ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?
နေရောင်ခြည်...
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။
လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။
ပန်းတိုင်
အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ
တယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။
Thursday, 15 August 2013
ဆရာမင်းလူ ကောင်းရာသုဂတိ ရောက်ပါစေ
စာရေးဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ် အသက် ၅၉ နှစ် ဟာ ကင်ဆာရောဂါ နဲ့ သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီ ခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။
ကျွန်တော့ အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ဖခင်နဲ့ အစ်ကိုဖြစ်သူများက ရုပ်ရှင်နယ်ပယ်မှာ ထူးချွန်သူများဖြစ်ပေမယ့် ဆရာတစ်ယောက်တည်း စာပေနယ်တစ်ခုတည်းကို တခုတ်တရ ဖက်တွယ်ခဲ့သူပါ။ လူပိန်းကြိုက် ရေပေါ်ဆီ စိတ်ကူးယဉ်စာပေတွေနဲ့ ပေါ်ပင်မလိုက်ပဲ သဘာဝကျကျစာပေတွေနဲ့ ကျွန်တော်တို့ လူငယ်ထုကို လမ်းညွှန်ခဲ့သူလည်းဖြစ်ပါတယ်။ ဆရာရဲ့ ဇတ်ကောင်တွေဟာ ငွေကြေးကျိကျိတက်မချမ်းသာတတ်ပါဘူး။ ပျိုတိုင်း ကျလောက်အောင်လည်း ရုပ်ရည်ရူပကာမရှိတတ်ပါဘူး။ အသိုင်းဝိုင်းထဲမှာ ဇာတ်လိုက်ဖြစ်လို့ တမူထူးခြားနေခြင်းမျိုးလည်းမရှိပါဘူး။ ဒါပေမယ့် ဆရာ့ဇတ်ကောင်တွေမှာ ယောက်ကျားဆန်မှု့၊ တရားမျှတမှု့၊ ရိုးသားဖြူစင်မှု့၊ နွေးထွေးကြင်နာမှု့တွေ အပြည့်နဲ့ လူ့သဘာဝကို လက်တွေ့ကျကျဖော်ညွှန်းလေ့ရှိပါတယ်။ ပန်းကျောင်း၊ ရေတမာ၊ သံယောဇဉ်အဖွဲ့ စတဲ့စာအုပ်တွေကတော့ ကျွန်တော့ တသက် မမေ့နိုင်ပါဘူး။ ဆရာ့ဇာတ်ကောင်တွေဟာ ကျွန်တော်တို့ လူငယ်ဘ၀မှာ ဘ၀လမ်းညွှန် စံပြတွေဖြစ်ခဲ့ပါတယ်။ ဆရာဇာတ်ကောင်တွေကို အားကျစိတ်နဲ့ ကျွန်တော်တို့လူငယ်ဘ၀မှာ ရိုးသားမှု့နဲ့ တရားမျှတမှု့ ခုံမင်ခဲ့ပြီး ဘ၀ထဲမှာ လက်တွေ့ဆန်ဆန်နေထိုင်ဖို့ အင်အားတွေ ဖြစ်ခဲ့ရပါတယ်။ ဆရာဇာတ်ကောင်တွေထဲမှာ ပြင်ပကမ္ဘာမှာမရှိနိုင်တဲ့ စိတ်ကူးယဉ် လူစွမ်းကောင်းတွေ မပါတတ်ပါဘူး။ သူ့ဇာတ်ကောင်တွေဟာ လူတွေထဲက သာမန်လူတွေပဲ ဖြစ်လေ့ရှိပါတယ်။ သာမာန်ရုပ်ရည်၊ သာမာန်အရည်အချင်းလောက်သာရှိတဲ့ ဇာတ်လိုက်တွေထဲက လူသားဆန်မှု့နဲ့ မေတ္တာတရားတွေကို စာဖတ်သူအသဲခိုက်အောင် ဆွဲထုတ်ဖန်တီးပြတတ်ပါတယ်။
နောက်ဆုံးအချိန်မှာ လူတိုင်းနာမည်ကြားရုံနဲ့ ထိတ်လန့်တုန်လှုပ်တဲ့ ကင်ဆာရောဂါကိုတောင် ဟာသနဲ့ပျက်ရယ်ပြုခဲ့တဲ့ ဆရာရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု့ကိုလည်း လေးစားမိပါတယ်။
သေချာတာကတော့ ကျွန်တော်တို့ နောက်ဘယ်တော့မှ ဆရာရဲ့ တန်ဖိုးရှိတဲ့ စာအသစ်တွေကို ဖတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အသက် ၅၉ နှစ်ဆိုရာ ပညာရှင်တစ်ယောက်အတွက် အင်မတန်ကို စောလွန်းတယ်လို့ ခံစားမိတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ တန်ဖိုးရှိတဲ့ စာပေတွေနဲ့ လူငယ်တွေကို အကျိုးပြုခဲ့တဲ့ ဆရာမင်းလူ ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါစေလို့သာ ဆုတောင်းပေးလိုက်ပါတယ်။
Saturday, 26 January 2013
အကောင်းဆုံး လက်ရာဖြစ်ပါစေ
If it falls your lot to be a street sweeper, sweep streets like Micelangelo painted picture, like Shakespeare wrote poetry, like Beethoven composed music; sweep streets so well that all the hosts of heaven and earth will have to pause and say, " Here lived a great street sweeper, who swept his job well."
[Unicode]သည်ဘဝမှာ ဘာအလုပ်ကိုပဲ လုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်အလုပ်နဲ့ ပတ်သပ်လာရင် အခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေးတဲ့သူများပါ ကိုယ်ထက့်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံးလုပ်ဆောင်သင့်တယ်။
အကြောင်းကြောင်းကြောင့် သင်ဟာလမ်းသန့်ရှင်းရေးသမားဖြစ်နေတယ်ပဲ ဆိုပါတော့။ တံမြက်စည်းလှဲတဲ့အလုပ်ကိုပဲ မိုက်ကယ်အိမ်ဂျယ်လို ပန်းချီကားတွေရေးဆွဲသလို၊ ရှိတ်စပီးယား ကဗျာလင်္ကာတွေရေးဖွဲ့သလို၊ ဗေထိုးဗင်ဂီတတေးသွားတွေ သီကုံးသလို လက်ရာအမြောက်ဆုံး လုပ်ကိုင်စမ်းပါ။ အဲဒီအခါကျတော့ လူပြည့်နေတဲ့လူတွေရော ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေပါ ရပ်ပြီး "ဟောဒီမှာကြည့်စမ်းဟေ့.....တကယ်ကိုထူးခြားတဲ့သန့်ရှင်းရေးသမား လမ်းတွေပြောင်အောင် ရှင်းအောင် လှည်းကျင်းထားလိုက်တာ" လို့ ချီးကျူးစကား ဆိုကြရလိမ့်မယ်၊ တဲ့။
***အမေရိကန်လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (Mrtin Luther King.Jr.) (1929-68) ရဲ့ပြောကြားချက်ကို ဆရာဖေမြင့်က သူ့ရဲ့စာဖတ်သမား၏မှတ်စုများစာအုပ်ထဲမှာ ဘာသာပြန်ဖော်ပြထားတာလေး အင်မတန်သဘောကျမိလို့ ဝေငှပေးလိုက်ပါတယ်။
Saturday, 7 April 2012
အကယ်၍
If
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:.
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-out tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"
If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!
Saturday, 24 March 2012
ရွာကျက်သရေ
သိပ္ပံမောင်ဝ
ကကြီး ရရစ် ကသတ် ကြက်၊ ကကြီး ရရစ် ငသတ် ကြင်။
နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ နှစ် သုံးလီ ခြောက်။
သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ ငသတ် ငေါင်။
ကကြီး ရေးက၊ ကကြီး ရေးချာ ကာ၊ ကကြီးရေ လုံကြီးတင် ကိ၊ မရရစ် လုံးတင် တချောင်းငင် ကသတ် မြိုက်၊ မရရစ် လုံကြီးတင် တချောင်းငယ် ငသတ် မြိုင်။
ဧ၀ံ မေ သုတံ၊ ဧကံ သံမယံ။
ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး အစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီး သကာလ ကုက္ကိုဝ သူကြီးမင်း ဦးဖိုးထုံး၏ အိမ် မြောက်ဘက် အရပ်တွင် ထကြွ သောင်းကျန်းလျက် နေကြ လေသည်။ အချိန်ကား နံနက် (၆) နာရီခန့်သာ ရှိသေး၏။ အဆိုပါ ဆူညံ လှစွာသော အသံကိုကား ကုက္ကိုဝ ရွာအဖို့ မင်္ဂလာ ရှိသော အသံ၊ သာယာသော အသံ၊ ကျက်သရေ ရှိသော အသံများ ဖြစ်ကြ၏။ ရွာလူကြီး၏ အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော် နေသော မောင်လူအေး အဖို့ကား ငှက်ဆိုး၏ အသံနှင့် ခပ်ဆင်ဆင် တူလျက်နေလေ၏။
ထိုအသံများ၏ ပိုင်ရှင် ကျောင်းသား/ကျောင်းသူ ကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ် ကောင်စီ၏ အထောက် အပံ့ခံ ကျောင်းမဟုတ်၊
အစိုးရမင်းက အသိအမှတ် ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသား ပညာရေး အဖွဲ့က 2
အားပေးသော ကျောင်းလည်း မဟုတ်ပေ။ ထိုကျောင်းသား/ ကျောင်းသူ ကလေးများက တယောက်လျှင် တနှစ်အတွက် စပါး သုံးတင်းမျှသော အထောက် အပံ့ကိုသာ ခံယူကာ တည်ထောင် ထားသော ကျောင်းဖြစ်သည်။
ဤသို့ ကျောင်းသား ကလေးများ၊ ကျောင်းသူ ကလေးများမှ တပါး၊ အခြား မည်သူ၏ အထောက် အပံ့ကိုမျှ ခံယူသော ကျောင်းမဟုတ် သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ် ကောင်စီ လူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံး ကင်း၏။ ထိုကျောင်းကို အုပ်ချုပ်မင်း လုပ်နေသော ဆရာစောပင် ပညာအုပ်၊ ပညာဝန်ထောက်၊ သူပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး အမတ်ချုပ်ကြီး ဖြစ်ပေသည်။
နွေအခါ မေမြို့(ယခု - ပြင်ဦးလွင်) ၌ ရုံးစိုက်၍ မိုးအခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော် မူသော ပညာရေး အမတ်ချုပ်ကြီး ထက်ပင် ဆရာစောမှာ လွတ်လပ်ခွင့် ရသေး၏။ ပညာရေး အမတ်ချုပ်ကြီးမှာ မင်းတိုင်ပင် အမတ်တို့၏ အမေးများကို ဖြေကြား ရသေးသည်။ ကုက္ကိုလ်ဝရွာ 11
ဆရာစောကား မည်သူ၏ အမေးကိုမျှ ဖြေကြားရန်မလို၊ စိတ်ထင်တိုင်း သင်ကြားနိုင်သော ဂုဏ်ထူး ရှိ၏။ မိမိ သင်ကြား လိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိ ကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိ ကျောင်းပိတ် ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှ လာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြို ရသော ဒုက္ခ၊ သူတို့ အတွက် လှည်းတို့၊ လှေတို့ စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။
ကျောင်း၏ ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။
ဆရာစော၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ၀ါးလုံးတိုင်၊ ၀ါလုံးကြမ်းခင်း၊ ပြတင်း ပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိလေသည်။ ဤမျှနှင့် ပုံပန်း ပေါ်လောက်ပြီ။
ဆရာစော၏ အကြောင်း ရေးသားရန် လိုသေး၏။ ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီး လူထွက် ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့် အရပ်မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောနိုင်။ ရဟန်း ဘ၀က မည်သည့် စာအထိ ပေါက်ခဲ့သည် ဟူ၍လည်း မည်သူမျှ မသိ။ ဆရာစော၏ အပြောအဆို အတိုင်းကား သင်ရိုးပေါက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရဟန်း ဘ၀တွင် မပျော်ပိုက်၍ လူထွက် ရသည်မဟုတ်။ ၀ိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍ လာရခြင်း ဖြစ်လေသည်။
ဆရာစော၏ ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တထွာခန့် ရှည်သော် ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပ၀ါဖြင့် ပေါင်း၍ ထား၏။ အကျီ င်္ ကားမရှိ။ လုံးကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဘက် အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံး တလုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုး နေပါပြီ။ `သစ်မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်´ဆိုသော စကားနှင့်
အညီ ကျိုး၍ သွားသော သစ်သားရိုး၏ နေရာတွင် ၀ါးရိုးကို တပ်၍ ထား၏။
ထိုဆေးတံကြီးကို ဖွာကာ ဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမော်နှင့် တွဲရေး ခွဲရေး အကြောင်း ဆွေးနွေး နေကြလေသည်။
ဤသို့ ဆွေးနွေး၍ ကောင်းနေ ကြခိုက်တွင် မောင်တင်နှင့် မယ်အေး တို့သည် တယောက်ကို တယောက် ဆဲရေး နေကြလေသည်။
ငထွန်းကား စာမအံ၊ ယင်ကောင်တွေ ဖမ်းမိလျှင် နောက်တိုး၏ နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တယောက်နှင့် တယောက် စကားများ ကြပြီးနောက် တယောက် တချက်စီ ထိုးနေ ကြလေသည်။
စိန်ဖေကား ဘေသန်း နှင့်အတူ ကျောင်း နောက်ဖေး ကွင်းပြင် ထဲတွင် ပြေးလွှား ကစားကာ ဖားကလေး များကို ဖမ်းလျက် နေကြ လေသည်။ နောက်ဖေး အိမ်သာ တွင်ကား ဘထွန်း၊ သာအေး၊ ငွေလှိုင်၊ စံမြတို့ လူစု ဦးတာတေ၏ ကျွဲများကို ဖမ်း၍ စီးရန် တိုင်ပင် နေကြ လေသည်။
ထွန်းဝေနှင့် စံသိန်းတို့ကား ကျောင်းအောက်တွင် နပန်း လုံးနေကြ ကုန်၏။ သာထွန်းနှင့် ညွှန့်မောင်
တို့က ဒိုင်လုပ် ကြလေသည်။
ဝေလင်းကား မိမိ၏ ကျောက် သင်ပုန်း ပေါ်တွင် ခွေးရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ် များကို ရေးပြီးလျှင် တင်အေးအား ပြနေလေသည်။ တင်အေးသည် ဝေလင်းအား ချီးမွမ်း၍ မဆုံးပြီ။ မိခွေးနှင့် မမယ်သိန်းတို့ ထောင့်တစ်ထောင့်တွင် ခရားစေ့ တောက်တမ်း ကစား နေကြလေသည်။ ဆရာစောကား စကားပြော၍ ကောင်းတုန်းပင်။
သို့နှင့် ယခင်က ဆူညံ၍ နေသော စာအံသံ ကြီးမှာ တစ တစ တိုး၍ တိုး၍ သွားလေ တော့၏။ နောက်ဆုံး၌ စာအံသံ ဟူ၍ မကြားရ တော့ပြီ။ ဆော့နေကြသော အသံ၊ ရန်ဖြစ်နေကြသော အသံ၊ ရယ်နေကြသော အသံတို့ကိုသာ ကြားရ လေသည်။
ထိုအခါ ကျမှ ဆရာစောလည်း မိမိ၏ ညာလက်တွင် ကိုင်ထားသော ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ဘမ်းဘမ်း မြည်အောင် သုံးလေးချက် နှက်လေ၏။
ကျောင်းသား/ကျောင်းသူ အပေါင်း တို့လည်း ရမိ ရာရာကို နားကွဲလုအောင် ဟစ်အော်ခြင်း ပြုကြလေသည်။ အိမ်သာတွင် တိုင်ပင်နေသူတို့သည် လည်းကောင်း၊ ကျောင်းအောက်တွင် နပန်းလုံး နေသူတို့သည် လည်းကောင်း နေရာများသို့ ရောက်ကြလေပြီ။ သူတို့လည်း ထင်မိ ထင်ရာကို ကောက်ကာ အော်ဟစ် နေကြကုန်၏။
ဆရာစောကား တိုင်းရေး ပြည်ရေး အကြောင်း ဆက်လက်၍ ဆွေးနွေးလျက် နေပြန် လေသည်။
အတန်ကြာလျှင် စာအံသံကြီး တိတ်လျှက် သွားပြန်၏။ ဆရာစော၏ ကြိမ်လုံးနှင့် ကျောင်းတော်၏ ကြမ်းပြင်တို့ စကား ပြောကြရ ပြန်၏။ ဤနည်းအတိုင်း တိတ်ချည်၊
ဆူချည်နှင့် နေလေတော့သည်။
စာအံခြင်း သုံးကြိမ်မြောက် တိတ်၍ သွားသောအခါ အေးမောင်နှင့် လူလှတို့ ကျောက်တံ လုရာမှ ရန်ဖြစ်ကြ၏။ အေးမောင်က ကျောက်တံဖြင့် ထိုးလိုက်ရာ လူလှ လက်မှ သွေးဖျန်းဖျန်း ထွက်လေသည်။ လူလှ ပြန်၍ ကျောက်သင်ပုန်း စောင်းဖြင့် ခုတ်လိုက်ရာ အေးမောင်၏ နဖူးတွင် ကွမ်းသီးလုံးခန့် ဖူး၍ လာ၏။
အချို့က အေးမောင် လွန်သည်ဟု ဆိုကြလေသည်။ အချို့ကမူ လူလှအား သနားကြလေသည်။ တိုးတိုး စုရုံး စုရုံးနှင့် နေကြကုန်၏။ အေးမောင်နှင့် လူလှတို့ ကျိတ်ကာ ငိုနေရ ရှာသည်။ နှစ်ယောက်စလုံး လွန်သူချည်း ဖြစ်သည်။ ဆရာစော သိသွားမှဖြင့် ကြိမ်လုံး ဓာတ်စာ ကျွေးမည်ကို ကြောက်ကြလေသည်။
အောင်သိန်းကား သူတကာ အရိုက်ခံရသည်ကို မြင်လိုသူ ဖြစ်၏။ သူ၏ ပယောဂကြောင့် အေးမောင်တို့ ရန်ပွဲအကြောင်း ဆရာစော ခေါ်လေပြီ။ ရောက်ကြကုန်၏။ အကြောင်းကို မေးလေပြီ ဟုတ်မှန်သည့်အတိုင်း ဖြေကြကုန်၏။ ရောက်ကြကုန်၏။ အေးမောင် ကျောပေါ်သို့ ဆရာစော၏ ကြိမ်လုံးစကြာ ငါးချက်ခလေပြီ။ အေးမောင်မှာ တော်တော်နှင့် မထနိုင်။
လူလှ၏ လက်ဝါးပြင်ပေါ်သို့လည်း ထိုကြိမ်လုံး စကြာပင် ငါးကြိမ်တိုင်တိုင် ဆင်းသက်လေပြီ။
လူလှလည်း စာအုပ်ကိုပင် မကိုင်နိုင်။ အောင်သိန်းကား စုတ်တသပ်သပ်နှင့် ၀မ်းနည်းလျက် နေ၏။ သို့သော် သူ၏ စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ အလွန်ညစ်သော အောင်သိန်း ပါတကား။
ဟိုမှာ ကြည့်ကြပါဦး၊ လားလား စံအောင်တို့လူစု ကျောင်းပြေး ဖိုးအောင်အား ဖမ်းလာကြလေသည်။ ဖိုးအောင်ကား မလိုက်ချင် လိုက်ချင် လိုက်ပါလာ ရရှာ၏။ သူ့အား ကြိုးများဖြင့် တည်းထားသောကြောင့် ပါလာရခြင်း ဖြစ်လေသည်။ တကိုယ်လုံးလည်း ရွှဲရွှဲ စိုနေတော့၏။ ဖိုးအောင်ကို မိုးရေထဲတွင် ဆွဲလာကြလေသည်။
ဖိုးအောင် ကျောင်းပြေး၊ အိမ်ပြေး လုပ်နေသည်မှာ လေးရက်ပင် ကြာလေပြီ။ ဘုန်းတော်ကြီး ဦးဝိမလ၏ ကျောင်းတွင် ခိုကပ်ကာ နေလေပြီ။ စံအောင်တို့ လူစု ဖိုးအောင်ကို သွား၍ အဖမ်းတွင် ဘုန်းကြီးကျောင်းသားများနှင့် စစ်ဖြစ်ခဲ့ ကြရသေးသည်။ စံအောင် တို့က မိုက်အားကောင်းသောကြောင့် ဘုန်းကြီး ကျောင်းသားများ လက်လျှော့ကြရ လေသည်။
ဆရာစော၏ ကျောင်းတကျောင်းလုံးတွင် စံအောင်ထက် မိုက်သောသူ မရှိ။ စံအောင်အား ဗိုလ်တင်၍ ထားကြရလေသည်။ တကျောင်းလုံးတွင် ဆရာစောအပြင် သု့ကို အကြောက်ရဆုံး ဖြစ်၏။ ဆရာစောကိုယ်တိုင်ပင် စံအောင်အား ခပ်ရွံ့ရွံ့။ သူ့အား အလိုလိုက်၍ ထားလေသည်။ ကျောင်းသားများ မုန့်ဝယ်စားလျှင် စံအောင်အား တ၀က်ဝေငှ၍ စားကြရ၏။ စံအောင်တည်း ဟူသော နတ်ဆိုးကို မပသ မတင်မြှောက်ဘဲ မစားဝံ့ကြချေ။
စံအောင်တို့ လူစုလက်တွင် ရုန်းကန်ရုန်းကန်နှင့် ပါ၍လာသော ဖိုးအောင်ကား ဆရာစော၏ ရှေ့မှောက်သို့ ရောက်လာလေပြီ။ ဆရာစော ဒေါသထွက်ခိုက် ဆရာစော၏
ကြိမ်လုံးစကြာမှာလည်း သွေးစွန်းခိုက်၊ ဖိုးအောင်ကိုလည်း မိ၍လာခိုက်နှင့် ကြုံကြိုက် လေပြီ။ ကျောင်းသား အပေါင်းတို့ တုန်လျက် နေကြကုန်၏။ ရင်ထဲတွင် တထိတ်ထိတ်နှင့် နေကြလေသည်။ အောင်သိန်းမှာ ဖိုးအောင်ကို သနားယောင်ယောင်နေ၏။ သို့သော် စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ သူတကာ အရိုက်ခံရလျှင် အောင်သိန်း ၀မ်းမသာသည် မရှိ။
ဖိုးအောင် ကျောင်းပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် မမေးမမြန်းဘဲ ဆရာစောသည် မိမိ၏ ကြိမ်လုံးစကြာဖြင့် လှမ်း၍ နှက်လေ တော့၏။ အချက်ပေါင်း မရေတွက်နိုင်ပြီ။ ဖိုးအောင်လည်း ဆရာစော၏ ရင်ခွင် အတွင်းသို့ တိုး၍ တိုး၍ ၀င်သောကြောင့် အနည်းငယ် သက်သာရာ ရလေသည်။
နောက်ဆုံး၌ ဖိုးအောင်လည်း မော၊ ဆရာစောလည်း မောလေတော့သည်။ သည်တော့မှ ရိုက်ပွဲကြီး ပြီးသွားလေသတည်း။ ကျောင်းသား အပေါင်းတို့က ဖိုးအောင် ရှောင်တိမ်းပုံကို သဘောကျကြကုန်၏။ အောင်သိန်း တယောက်သာ မကျေမနပ် ဖြစ်လျက် နေလေသည်။
ဆရာစောမှာ မော၍ အထိုင်လိုက်၊ အင်းသားကြီးကတော် ဒေါ်သာအိလည်း သားကလေး ရွှေလှနှင့် ရွှေစတို့ကို လက်ဆွဲ၍ ရောက်လာခိုက်နှင့် တပြိုင်တည်း ကျလေသည်။
ဒေါ်သာအိကား သားကလေး ရွှေသွေး နှစ်ယောက်တို့အား ဆန်နှစ်ပြည်၊ ငွေနှစ်မတ် တို့နှင့် ကျောင်းအပ်ရန် လာခြင်း ဖြစ်လေ သည်။ ဆရာစောလည်း ပြုံးရွှင်စွာ စကားပြော ပြီးလျှင် ရွှေလှနှင့်
ရွှေစတို့အား လက်ခံလိုက်လေသည်။ ဒေါ်သာအိမှာ သားကလေး နှစ်ယောက်တို့အား ကျောင်းတွင် ထားခဲ့ပြီးလျှင် ဆင်း၍ သွား၏။
ရွှေလှနှင့် ရွှေစတို့မှာလည်း ကျွတ်ကျွတ်ညံအောင် ငိုကြွေးကြလေသည်။ မငိုဘဲ နေကြမည်လော။ ရွှေလှမှာ ခြောက်နှစ်၊ ရွှေစမှာ လေးနှစ်မျှသာ ရှိကြသေး၏။ အိမ်တွင် ဆော့လွန်းကြ၍ တယောက်လျှင် ဆန်တစ်ပြည်၊ ငွေတစ်မတ်နှင့် ဆရာစောအား ကလေး လာ၍ အထိန်းခိုင်းခြင်း ဖြစ်လေသည်။ ရွှေလှနှင့် ရွှေစတို့ ငို၍ ကောင်းတုန်းပင် ဒေါ်သာအိ မိမိ၏ အိမ်သို့ ပြန်ရောက်၏။
ရွှေလှတို့ ငိုချင်း မဆုံးသေး။ ဆရာစော၏ ကြိမ်စကြာ ကျောင်းတော်၏ ကြမ်းပြင်သို့ ဘမ်းဘမ်းဟူသော အသံဖြင့် ကျဆင်းလေမှ ရွှေလှတို့ ငိုချင်း ဆုံးလေပြီ။
ထို့နောက် ဒေါ်သာအိ ပူဇော်၍သွားသော ဆန်နှစ်ပြည်၊ ငွေတမတ်တို့ကို အပ်ရန် ဆရာကတော်ကြီးအား ဆရာစောက ခေါ်လေသည်။ ထူးသာ၊ ထူးနိုင်သည် မလာနိုင်သေး။ အဘယ် လာနိုင်အံနည်း။ ကျောင်းသား/ကျောင်းသူတို့အား ရောင်းရန် ပဲလှော်ကို လှော်ချက်နေလေသည်။
ဆရာစော၏ ကျောင်းသား/ကျောင်းသူတို့ကား ဆရာကတော်ကြီး ရောင်းသော ပဲလှော်အပြင် မည်သည့် မုန့်ကိုမှ ၀ယ်စားခြင်း မပြုရ။ ကျောင်းသားများနှင့် သင့်လျော်အောင်
အထူးစီမံထားသော ပဲလှော်ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏ အဆိုတည်း။)
ဆရာကတော်ကြီး ပဲလှော်နေခိုက် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက် ခြွေ၏။ သူတို့ သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင် မသင်ကြရသေး။ သို့သော် ဆရာကတော်ကြီး၏ အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏ အချစ်တော်ဆိုလျှင် ဆရာစော၏ အချစ်တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်မှာ နှစ်ကိုယ့်တစိတ် ဖြစ်သောကြောင့် ပေတည်း။
ဆရာကတော်ကြီး အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန် မလို။ စာတတ်လျှင် ရည်းစား ထားလေ့ ရှိကြကုန်၏။ ကကြီး၊ ခခွေးနှင့် ဘုရားရှိခိုးတတ်လျှင် တော်ပြီ။ မိမိမှာ ဆရာကတော်ပင် ဖြစ်စေကာမူ စာဖတ်၍ မတတ်။
မိန်းကလေးဟူက အချက်အပြုတ် တတ်ရမည်။ အချက်အပြုတ် မတတ်ပါက ရှက်စရာ ကောင်းလေသည်။ ထို့ကြောင့် မိမိ၏ အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တို့အား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြား ပြသလျှက် နေလေသည်။
ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့ သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်း၊ ချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။
ကြက်သား၊ ဘဲသား၊ ၀က်သား ဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာကတော်ကြီးမှာ မချက်တတ်သောကြောင့် မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ၀က်သားတို့ကို 15
မ၀ယ်နိုင်သောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။
ဟော .. ဟော ဆရာကော်ကြီး ထွက်လာပြီ။ ဆံပင်မှာ ဆီမရှိ၊ ခေါင်းပွကြီးနှင့်ဖြစ်၏ အကျီ င်္မှာ လက်နှီးရောင်၊ ထဘီမှာ ဖာထေး ရာတွေ အနန္တ၊ ညစ်ထေးတော်မူသော ဆရာကတော်ကြီး ဖြစ်လေသည်။ အင်းသားကြီးကတော် ဒေါ်သာအိ ပူဇော်ခဲ့သော ဆန်နှစ်ပြည်နှင့် ငွေနှစ်မတ်တို့ကိုလည်း သိမ်းကာ နောက်ဖေးသို့ ၀င်သွား၏။
ဆရာစောလည်း ကျောင်းလွှတ်လိုက်ပြီး ကျောင်းသား အပေါင်းတို့လည်း နှစ်ထောင်း အားရ အိမ်သို့ နြပ်ကြလေသည်။
ကျောင်းသားများကို ကြည့်ကာ `ဒီကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာတတ်ပါ့မလား သူကြီးမင်း´ဟု မောင်လူအေးက သူကြီးမင်း ဦးဖိုးထုံအား မေး၏။
`တတ်သင့်သလောက် တတ်တာပါပဲ´ဟု ဦးဖိုးထုံက ဖြေလေသည်။
`တတ်မယ် မထင်ပါဘူးဗျာ´ မောင်လူအေးက ဆိုပြန်လေသည်။
ဤသို့ မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြား ပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန် မတူ။ နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည် သမ္မတထွက်
ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။
၁၉၃၃၊ ဇူလိုင်။
ဒဂုန်မဂ္ဂဇင်း
မှတ်ချက်။ ။ ရှားပါးစကားပြေစာစုလေးလည်းဖြစ်၊ ကျွန်တော် ငယ်စဉ်ကတည်းက နှစ်ချိုက်ခဲ့တဲ့ စကားပြေပေါင်းချုပ်စာအုပ်ထဲက ဆရာသိပ္ပံမောင်ဝ၏ လက်ရာလည်းဖြစ်သောကြောင့် မြန်မာမိသားစုဖိုရမ် မှ ကိုမြင့်ဆွေ စာရိုက်တင်ပေးတာကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
Thursday, 22 March 2012
“ရေ”
အပယ်ရတနာ လိုဏ်ဂူဘုရားကို လေ့လာသုတေသနပြုနေပါသည်ဆိုသောသူနှင့် ကျွန်တော်စကားပြောဖြစ်နေကြပြန်ပါသည်။ မြန်မာပြည်သို့ အိန္ဒိယမှ ယဉ်ကျေးမှုများ ဘာသာအယူဝါဒများ ဝင်ရောက်လာပုံအကြောင်း မြန်မာတို့၏ယဉ်ကျေးမှုကို မြန်မာတို့ တည်ဆောက်ပုံအကြောင်း ပြောကြရင်းမှ မြန်မာတို့၏ တွေးခေါ်ပုံ တွေးခေါ်နည်းအကြောင်းကိုရောက်လာသည်...။ သူက..........
“ရေရဲ့ အမူအကျင့်ကို ခင်ဗျား သတိထားမိရဲ့လား..ရေဟာအများအားဖြင့် သူစီးဆင်းသွားရာ လမ်းကြောင်းမှာရှိနေတဲ့ အဟန့်အတားတွေကို ဆန့်ကျင်ရင်ဆိုင်လေ့မရှိဘူးဗျ..။ သူ့ရှေ့ကရှိနေတဲ့ အဟန့်အတားတွေကို ရှောင်ပြီး ဘေးကနေ စီးချင်စီးမယ်..ကွေ့ပတ်တိမ်းရှောင်ပြီး စီးချင်စီးမယ်..အဟန့်အတားမှာ အကြားအလပ် ရှိနေရင် အဲဒီအကြားအလပ်ကနေ တိုးဝင်စိမ့်ဝင်ပြီးစီးတယ် စီးလို့ဖြစ်နိုင်တာနေပြီး လိုရာအရပ်ကိုစီးဆင်းသွားတတ်တယ်...။
အဲလိုပဲတဲ့ဗျ..အခက်အခဲတွေ လူမှုပြဿနာတွေနဲ့ တွေ့ကြုံလာရတဲ့အခါ ထိပ်တိုက်ဆန့်ကျင်ရင်ဆိုင်စရာတွေမလိုဘဲ ရေလိုကျင့်သုံးပြီး လိုရာကို ရောက်နိုင်တာမျိုးတွေလဲ ရှိတာပဲ..။
ဒါပေမယ့် ရေဟာတစ်ခါတစ်လေတော့လဲ အင်အားသုံးတတ်တယ်...။ ရေဟာအင်အားသုံးလာပြီဆိုရင် သစ်ပင်ကြီးတွေ ကျောက်တုံးကြီးတွေ မြို့ရွာတွေကိုတောင် လဲပြိုပျက်စီးစေနိုင်တာပဲ..။ အဲဒီလိုပဲပေါ့ဗျာ တစ်ခါတစ်ခါကြတော့လဲ အင်အားသုံးသင့်ရင်သုံးပြီး ဖြေရှင်းကျော်လွှားရတာမျိုးလဲရှိတယ်..။ကျွန်တော်ဆိုလိ ုချင်တာက အခြေနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အရှေ့တိုင်းသားတွေဟာ လုပ်လေ့ရှိတယ်ဆိုတာကိုပြောချင်တာပါ..။ နေဦးဗျ ရှိသေးတယ်..။
ရေဟာ ပင်ကိုယ်ပုံသဏာန်မရှိဘူးတဲ့ဗျ.. သူစီးသွားတဲ့ တစ်လျှောက်မှာ လေးထောင့်နေရာရောက်ရင် ရေဟာ လေးထောင့်ပုံဖြစ်သွားတယ်.. ဝိုင်းတဲ့နေရာရောက်ရင် ရေဟာ ဝန်းဝိုင်းတဲ့ပုံသဏာန်ဆောင်သွားတယ်..။ ရှည်မျှောမျှောနေရာရောက်ရင်လည်း ရှည်မျှောမျှောပုံဖြစ်သွားတယ်..။ ဒါကြောင့်ရေမှာ ပင်ကို“ပုံ”မရှိဘူး..။ အခြေနေကိုလိုက်ပြီးပုံပြောင်းနိုင်တဲ့..။
အဲဒီရေရဲ့ အမူအကျင့်လိုပဲ ပြဿနာတွေနဲ့ ရင်ဆိုင်လာတဲ့အခါမှာ လူဟာ အခြေအနေလျှောက် ပုံသဏာန်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ဖြေရှင်းရတယ်တဲ့ဗျ..။ ဒီလိုဖြေရှင်းတတ်မှ ပြဿနာတွေပြေလည်မယ်...။ အောင်အောင်မြင်မြင်ဖြစ်စေမယ်ပေါ့ဗျာ...။
လွယ်တော့မလွယ်ဘူးပေါ့ လူမှုပြဿနာတွေ ဖြေရှင်းရတာ သိပ်ကိုလေးနက်သိမ်မွေ့တယ် ၊ တော်ရုံအသိညဏ်အဆင်ခြင်နဲ့တော့ မဖြစ်နိုင်ဘူး၊ ပြီးတော့ ရေဟာကြည်လင်ပြီဆိုရင် ရေထဲမှာရှိနေတာတွေကို သဲသဲကွဲကွဲ ကြည်ကြည်လင်လင် တိတိကျကျ မြင်နိုင်သိနိုင်တယ်တဲ့။ ပြဿနာဖြေရှင်းမည့်သူဟာလဲ မလိုလားအပ်တဲ့ မသိမိုက်မဲမှုတွေ အစွဲအလမ်း ဒေါသမောဟတွေကိုဖယ်ပြီး စိတ်ကို ကြည်လင်အောင် လေ့ကျင့်ရတယ်ဗျ။ စိတ်ကြည်လင်ရင် ကိုယ့်ကိုယ်ကိုလည်းအမှန်အတိုင်း မြင်တယ်။ အခြေအနေတွေကိုလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်တယ် အကျိုးအပြစ် အကောင်းအဆိုးကိုလဲ ခွဲခြားသိမြင်တယ်၊ ဒီလိုသိမြင်မှ မြဿနာတွေကို ဖြေရှင်းတဲ့အခါ အောင်မြင်သူဖြစ်နိုင်မှာပဲ။
ဒီနေရာထိ ကျွန်တော်ပြောလာတာဟာ တရုတ်တွေးခေါ်ရှင် အချို့ရဲ့ရေနဲ့ပတ်သတ်တဲ့ အမူအကျင့်အကြောင်းတွေဗျ။ မြန်မာတွေထဲမှာရှိတဲ့ ရေနဲ့ပတ်သတ်တဲ့ အမြင်တစ်ခုကို ပြောရဦးမယ်။
“ရေကြောင့် နုန်းညွန်တွေ ဖြစ်လာပြီး လူကိုပေကျံတယ်။ ဒါပေမဲ့ ရေနဲ့ပဲ အဲဒီပေကျံနေတဲ့ နုန်းညွန်အညစ်အကြေးတွေကို စင်ကြယ်စေနိုင်တယ်”။အဲ့ဒီလိုပဲတဲ့ စိတ်ကြောင့်ပဲ မကောင်းတဲ့ အစွဲဥပါဒါန်တွေ မိုက်မဲတွေဝေမှုတွေ အသိညဏ်မဲ့ခြင်းစတဲ့အညစ်အကြေးတွေဖြစ်လာပြီး လူ့စိတ်ကို မစင်ကြယ် မကြည်လင်အောင်ဖန်တီးတာပဲ ၊ ဒါပေမဲ့ စိတ်ကြောင့်ပဲ အဲဒီအညစ်အကြေးတွေတွေကို စင်ကြယ်စေနိုင်တယ်တဲ့။
ဟုတ်တယ်၊ အဲ့ဒီစိတ်နဲ့ပဲ အစွဲဥပါဒါန်တွေကိုဖယ် မိုက်မဲတွေဝေမှုတွေကိုဖယ် အသိပညာမဲ့ခြင်းတွေကို ဖယ်လိုက်ရင် စိတ်ဟာ စင်ကြယ်ကြည်လင်လာမှာပဲပေါ့ဗျာ ၊ ကြည်လင်စင်ကြယ်တဲ့စိတ်ရှိရင် အခြေအနေအချင်းအရာတွေကို မှန်မှန်ကန်ကန်မြင်တတ်ပြီး ပြဿနာတွေကိုလဲ အောင်မြင်အောင် ဖြေရှင်းနိုင်မှာပဲ။
ဒီလိုစိတ်စင်ကြယ်အောင် ကြိုးပမ်းနိုင်သူ၊ စင်ကြယ်တဲ့စိတ်ရှိသူကို “ကြာ”နဲ့နှိုုင်းတက်ကြတယ်ဗျ ၊ ကြာဟာ ညစ်ထေးနဲ့နုန်းရေမှာ ဖြစ်လာပေမယ့် လူးလွန့်မြင့်တက်နိုင်မှုကြောင့် နုန်းညွှန်စတဲ့ အညစ်အကြေးတွေနဲ့ မလိမ်းကျံပဲ စင်စင်ကြယ်ကြယ် ရေပေါ်မှာ ပွင့်နိုင်သလိုပဲတဲ့ လူဟာလဲ ဒေါသ မောဟစတဲ့ အညစ်အကြေးတွေရှိရာ ကာမဘုံမှာ မွေးဖွားလာပေမဲ့ ကြိုးစားမှုနဲ့ အဲဒီကိလေသာအညစ်အကြေးတွေကို မကပ်ငြိတဲ့ စင်ကြယ်သူအဖြစ်ရောက်နိုင်တယ်။ ဒီလိုစင်ကြယ်သူ အဖြစ်ရောက်လာသူဟာ....
“ကြာ ဟာ ကန်ကို လှပတင့်တယ်အောင် တန်ဆာဆင်ခြင်းငှာ ဖြစ်တယ်ဆိုတာလို အဲ့ဒီစင်ကြယ်တဲ့စိတ်ရှိသူဟာ မလိုလားအပ်တဲ့ ပြဿနာတွေ အနိဌာရုံတွေကို ဖယ်ရှားပေးပြီး သူ့ဝန်းကျင်က လူသတ္တဝါတွေကို ငြိမ်းအေးကြည်သာခြင်းတွေနဲ့ တင့်တင့်တယ်တယ် တန်ဆာဆင်ပေးနိုင်မှာပဲ။ ဒီလို တန်ဆာဆင်ပေးနိုင်သူတွေ လူ့လောကမှာ များများဖြစ်ပေါ်လာပါစေလို့ ကျွန်တော်တော့ဆုတောင်းမိပါတယ်ဗျာ။
သူ့စကားကိုနိဂုံးချုပ်လိုက်သည့်အနေဖြင့် အဝေးသို့ သူက စိတ်ငြိမ်စွာ လှမ်းမျှော်ကြည့်နေပါသည်။
ကျွန်တော်ကသူ့ကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။ စင်ကြယ်ခြင်း၏သင်္ကေတ ငြိမ်းအေးကြည်လင်ခြင်း၏ သင်္ကေတအဖြစ် ရေပေါ်တွင် ဖြန့်မိုး၍ တင့်တင့်တယ်တယ် ပွင့်နေသောကြာကို မြင်ယောင်ရင်း မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာပါတော့သည်။
မှတ်ချက်။ ။ဒီပိုစ့်လေးက မြန်မာမိသားစုဖိုရမ် မှာ ကိုငြိမ်းသူ ဝေမျှထားကို ကျွန်တော်ကူးယူလာတာပါခင်ဗျာ။ ကျွန်တော်က ဆရာနန္ဒာသိန်းဇံရဲ့စာတွေကို အင်မတန်သဘောကျပါတယ်။ ဆရာကွယ်လွန်ချိန်အထိထွက်ခဲ့တဲ့စာအုပ်တွေကိုကြည့်ရင် တော်တော်လေးနည်းတယ်လို့ပြောရပါမယ်။ ဒါပေမယ့် စာအုပ်တိုင်းဟာ ပစ်ရက်စရာမရှိအောင် စာသားကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်အောင် ရေးသားနိုင်သူဖြစ်ပါတယ်။ ကျွန်တော်နောက်ပိုင်း ဆရာ့စာအုပ်တွေကို စုစည်းပြီး ပြန်တင်ပေးပါမယ်။
[Zawgyi]နောက်တနေ့......