Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts
Sunday, 11 March 2012
Online မှတဆင့် မြန်မာသံရုံးကို appointment လျှောက်ထားနိုင်ပြီ
[Unicode]စင်္ကာပူရှိ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ Passport သက်တမ်းတိုးရာတွင်၎င်း၊ အသစ်လျှောက်ထားရာတွင်၎င်း၊ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း၊ မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း စသည်ဖြင့် သံရုံးနှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အရင်လို အချိန်ကုန်ခံပြီး မြန်မာသံရုံးသို့သွားရောက်၍ Appointment ရက်ချိန်းရယူရန်အတွက် စောင့်ဆိုင်းတန်းစီဖို့မလိုတော့
ပဲ ယခုအခါ online မှတဆင့် မြန်မာသံရုံး၊ စင်ကာပူ website http://www.mesingapore.org.sg တွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ လမ်းညွှန်ချက် handbook ကိုအောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါသည်။  မြန်မာသံရုံး၊ စင်ကာပူ website http://www.mesingapore.org.sg တွင်လည်း သွားရောက်ဖတ်ရှု့လေ့လာနိုင်ပါသည်။
handbook ကိုကလစ်နှိပ်ပြီး ဒေါင်းလုပ်ရယူပါ
[Zawgyi]စင်္ကာပူရှိ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ Passport သက်တမ်းတိုးရာတွင်၎င်း၊ အသစ်လျှောက်ထားရာတွင်၎င်း၊ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း၊ မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း စသည်ဖြင့် သံရုံးနှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အရင်လို အချိန်ကုန်ခံပြီး မြန်မာသံရုံးသို့သွားရောက်၍ Appointment ရက်ချိန်းရယူရန်အတွက် စောင့်ဆိုင်းတန်းစီဖို့မလိုတော့
Saturday, 26 November 2011
သူတို့ဓလေ့နဲ့ သူတို့စရိုက်
ဒီနေ့ အိပ်ရာက နိုးနိုးချင်း တွေးဖြစ်မိတယ်ဗျာ။ အော်..ဘာလိုလိုနဲ့ ကျွန်းပေါ်ရောက်တာ ၂ နှစ်ပြည့်တော့မှာပါလားလို့။ ဒီမရောက်ခင် လာဖို့ကြိုးစားနေတုန်းကတော့ မြန်မာစာရေးဆရာအများစု ရေးကြတဲ့ စင်္ကာပူရဲ့ ဘုန်းတော်ဘွဲ့ စာအုပ်တွေ ဆောင်းပါးတွေဖတ်ပြီး ကျွန်တော် မောင်ဇေကြီးလည်း စင်္ကာပူအိပ်မက်တွေ အတော်မက်ခဲ့ရတာကလား။ အလုပ်ကြိုးစားကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ စာအရမ်းဖတ်ကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ အင်္ဂလိပ်စကားပြောကြတဲ့ စင်္ကာပူနိုင်ငံသားတွေ နဲ့ ကြုံရဆုံရတော့မယ်ပေါ့ဗျာ။ စစရောက်ချင်းကို အလုပ်သိပ်ကြိုးစားတဲ့ ကျွန်းသားများကို တွေ့ရပါပြီကောဗျာ။ MRT station ထဲမှာ formal suit ကို အကျအန၀တ်ပြီး လက်တော့အိတ်ကို တဖက်ဆွဲလို့ တဖက်ကလည်း iphone ကို အဆက်မပြတ်ပြောပြီး အချိန်တစက္ကန့် နောက်ကျသွားရင်ဖြင့် ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးသွားမလောက် လူတွေကို တွန်းထိုးပြီးပြေးသွားနေကြသော ပုဂ္ဂိုလ်များပေါ့။ အဲ...ရုံးကိုရောက်သွားရင်တော့ အလုပ်ကို အဲဒီပုံစံမျိုးနဲ့များ သိပ်ပြီးကြိုးစားပန်းစားလုပ်သလားတော့ မေးနဲ့တော့ဗျို့။ ကျွန်းပေါ်မှာ ကျွန်တော့လိုပဲ အလုပ်နေကြသော တခြားမြန်မာ ဘလော့ဂါများကိုသာလက်တို့ကြည့်ကြပါတော့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသမို့ စာသိပ်ဖတ်ကြတယ်ဆိုတဲ့ ကျွန်းသားများကိုတော့ လေးစားရင်းစွဲရှိသေးတာကိုးဗျ။ ကျွန်တော်တို့ ရွေပြည်ကြီးက (ကိုပီတာစကား ခဏငှားသုံးပါသည်) အထင်ကရစာရေးဆရာကြီးတစ်ဦးကလည်း ရေးဖူးတာကိုး ကျွန်းသားများ စာသိပ်ဖတ်ကြလို့ ရထားပေါ် ဘစ်ကားပေါ်တွေမှာ စာအုပ်ကိုယ်စီနဲ့ ဆိုပဲ။ ခုတော့ ကျွန်တော့ ရောင်းရင်းများလည်းသိတဲ့အတိုင်း စာဖတ်မဖတ်တော့မသိဘူး PSP တို့ iphone, ipad တို့နဲ့ ကမ္ဘာ ဂိမ်းပြိုင်ပွဲသာကျင်းပပေးမယ်ဆိုရင် ကျွန်းသားတို့ရဲ့ ဂိမ်းအရည်အသွေးကတော့ ထိပ်တန်းအဆင့်ထဲပါမယ်ထင်သဗျ။ ကဲပါ ကဲပါ ကျွန်တော် မောင်ဇေကြီးလည်း တကူးတက ပိုစ့်တင်ပြီး အတင်းပြောသလိုဖြစ်နေပါပြီ ဆိုလိုရင်းကို ဆက်ကြတာပေါ့။ ကျွန်တော့ အယူအဆလေးကတော့ အခုနည်းပညာပေါက်ကွဲမှု့ကြီး ဆိုကြတဲ့ခေတ်ကြီးမှာ information ဆိုတာ အဓိက ကိုင်ဆွဲရတဲ့လက်နက်တစ်ခုပါ။ ကျွန်တော်တို့ စတင်မယ့် ခြေလှမ်းတိုင်းကို အဲဒီလက်နက်ကို ကိုင်စွဲပြီးချီတက်ရတာပါပဲ။ လက်နက်အားကောင်းရင် ပိုခရီးရောက်ပေမယ့် လက်နက်အားနည်းရင်လည်း အထိနာတတ်တာပဲဗျ။ ကျွန်တော်တို့ ဆီက လူငယ်လေးတွေ ဒီလိုရေမြေခြားကို စွန့်စားပြီး အလုပ်လာရောက်လုပ်ကိုင်ဖို့အတွက် မနည်းလှတဲ့ ငွေကြေးတွေကို ပထမဆုံး စပြီးရင်းနှီးရတာပါ။ လိုအပ်တဲ့ အရည်အသွေးပိုင်းကိုလည်း ကိုယ့်နယ်ပယ်အလျှောက် ဖြည့်ဆည်းရတာပါပဲ။ ဘ၀ရဲ့ စစ်မြေပြင်ကို ထွက်မဲ့တပ်သားသစ်လေးတွေပါပဲ။ သူတို့အတွက် မှန်ကန်တဲ့ လက်တွေ့ကျတဲ့ သတင်းအချက်လက်တွေလိုအပ်ပါတယ်။ ဒါမှလည်း သူတို့အတွက်ဘာတွေလိုအပ်မလဲ ဘာတွေကြိုပြင်ဆင်ရမလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာဖြစ်ပါတယ်။ စာရေးဆရာကြီးတစ်ဦးကတော့ ရေးဖူးပါတယ်။ ကျွန်သားတွေကို မြန်မာလူငယ်များ အားကျအတုယူနိုင်အောင် ရေးသားရခြင်းဖြစ်ပါတယ်တဲ့။ အနှီစာရေးဆရာကြီးများဟာ ပညာရှင်များဖြစ်တယ်ဆိုတာကို ကျွန်တော်မောင်ဇေကြီး ချွင်းချက်မရှိလက်ခံပါတယ်။ သို့ပေငြားလည်း ကျွန်းပေါ်က လက်တွေ့အခြေနဲ့ ဓလေ့စရိုက်တွေကိုတော့ ဒီမှာ နှစ်ပေါင်းများစွာ သူတို့နဲ့ထိတွေဆက်ဆံပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျွန်တော့ ရောင်းရင်း ဘလောဂါကြီးများလောက် မသိနိုင်ပါဘူး။ တဆက်လည်း အလုပ်ကို ဖိစီးမှု့များစွာ၊ ပြဿနာများစွာနဲ့ လုံးထွေးလုပ်ကိုင်နေရတဲ့ကြားက ကျွန်းပေါ်က သတင်းအချက်အလက် များစွာကို ဘလော့မှတစ်ဆင့် ဖြန့်ဝေပေးနေကြတော့ ရောင်းရင်း ဘလော့ဂါများကိုလည်း ကျေးဇူးတင်လိုက်ပါတယ်။ တိုးတက် အောင်မြင်နေတဲ့ နိုင်ငံတစ်ခုကို ချည်းကပ်လေ့လာတဲ့အခါ ဘုန်းတော်ဘွဲ့တွေချည်းပဲဖွဲ့သီနေမယ်ဆိုရင် သွားရည်ကျစရာ ဆောင်းပါးတစ်ခု စာစုတစ်ခု ဖြစ်လာရုံရလွဲပြီး ထူးခြားမှု့သိပ်ရှိမယ်မထင်ပါဘူး။ သူတို့ကတော်တယ် မင်းတို့ကညံ့တယ် မင်းတို့သူတို့ကို အတုယူရမယ်ဆိုတဲ့ အခြေခံအချက်ကြီးကြီး လှပတဲ့ စာစုတွေနဲ့ နည်းမျိုးစုံ တန်ဆာဆင်ပြီး ရေးဖွဲ့နေကြရုံနဲ့ အလုပ်မဖြစ်လောက်ဘူးထင်ပါတယ်။ အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာပြီး အဖြေကို ထိထိရောက်ချပြနိုင်တဲ့ စာစုမျိုးတွေ ဘလော့တွေမှာကလွဲလို့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အင်မတန်ရှားနေတယ်ထင်ပါတယ်။ စာရေးသူက စာဖတ်သူကို သူပြောတာ အတင်းလက်ခံခိုင်းတဲ့ စာစုတွေကများနေပါတယ်။ စာဖတ်သူက အစဆွဲထုတ်ပြီး ဖြန်ထွက်တွေးနိုင်တဲ့ ပုံစံအားနည်းတယ်ထင်ပါတယ်။
      " ကျွန်းသားတွေက ငွေကြေးချမ်းသာတယ်၊ ကျွန်တော်တို့ကဆင်းရဲတယ်"
ဟုတ်ပြီ.... သူတို့ဘယ်လောက်ချမ်းသာကြလဲ။ ချမ်းသာအောင် ဘယ်လိုအလုပ်မျိုးလုပ်ကြသလဲ။ သူတို့ကိုယ်သူတို့ရော ချမ်းသာတယ်လို့ ခံယူကြလား။ ကျွန်တော်တို့က သူတို့ ငွေတွေဝင်တာသိကြတယ်။ သူတို့ ဘာတွေပြန်သုံးရတယ်။ သူတို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိတယ် မသိဘူး။
"သူတို့က အဆင့်မြင့်ပညာတွေ တတ်ကြတယ်၊ ကျွန်တော်တို့က မတတ်ဘူး"
ကျွန်းပေါ်မှာရှိနေတဲ့ တက္ကသိုလ်တွေ ပေါ်လီကျောင်းတွေဟာ အဆင့်မြင့်ပညာတွေရဲ့ ပြယုတ်မဟုတ်ပါဘူး။
အဲဒီပညာတွေကို ကျွန်းသားတွေ ဘယ်လောက်တတ်မြောက်ပြီး၊ နိုင်ငံအတွက်ဘယ်လောက်အသုံးချနိုင်လဲဆိုတာက လိုရင်းဖြစ်ပါတယ်။ ကမ္ဘာကျော်မဂ္ဂဇင်းတွေက အမြဲလို ရွေးချယ်နေတဲ့ နယ်ပယ်အသီးသီးက ပညာရှင်စာရင်းမှာ အာရှအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်က ပုဂ္ဂိုလ်တွေ အလှည့်ကျလို ပါဝင်နေပေမယ့် ကျွန်းသားတွေ မတွေ့ရသလောက်ဖြစ်နေတာ သူတို့အဆင့်မြင့်ပညာတွေ တကယ်တတ်တယ်ဆိုတာကို အဆင့်မြင့်တည်ဆောက်ထားတဲ့ သူတို့ကျောင်းတွေကိုကြည့်ပြီး ကျွန်တော်တို့လက်ခံရမှာလား။ ဒီလို အဆင့်မြင့်ကျောင်းတွေရော အဲဒီကျောင်းက ဆင်းလာတဲ့ ကျောင်းဆင်းတွေရှိရဲ့သားနဲ့ နိုင်ငံရဲ့ အဓိက ပရောဂျက်တွေမှာ ဥရောပသား အဖြူတွေ ဘာကြောင့်ဦးဆောင်နေရသလဲ။ ကျွန်တော်တို့တွေ တတ်မြောက်နားလည်ထားတဲ့ ပညာနဲ့ ကျွန်းသားတွေရဲ့ ပညာအရည်အသွေး ခြားနားချက်နှုန်းဘယ်လောက်ရှိနိုင်မလဲ။
ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်ဖြစ်တဲ့ ငွေကြေးနဲ့ ပညာပိုင်းကိုပဲ အကြမ်းဖျင်း ချိန်ထိုးကြည့်တာပါ။
စိတ်ပိုင်းဆိုင်ရာရော.........
ကျွန်းသားတွေ သူတို့ရဲ့ လက်ရှိဘ၀ကို ကျေနပ်မှု့နှုန်းဘယ်လောက်ရှိလဲ၊ ကျွန်တော်တို့ကရောဘယ်လောက်ရှိလဲ။
ကျွန်းသားတွေက သူတို့ အသိုင်းအ၀ိုင်းအတွက် နွေးထွေးအေးချမ်းမှု့အတွက် ဘယ်လောက်အကျိုးပြုနေလဲ၊
ကျွန်တော်တို့ရဲ့ လူမှု့အသိုင်းအ၀ိုင်းကရော ဘယ်လောက် နွေးထွေးအေးချမ်းလဲ။
ကျွန်တော် ဥပမာအနေနဲ့ အကြမ်းဖျင်း လေ့လာသုံးသပ်မှု့လေးတစ်ခုပြောပြပါမယ်။ အိမ်ကနေ နည်းနည်းအလှမ်းဝေးတဲ့ နေရာလောက်ကို ၁ နာရီလောက် လမ်းလျှောက်ကြည့်ပါ။ ပြီးရင်တွေ့သမျှလူတိုင်းရဲ့ မျက်နှာကို စာဖတ်ကြည့်ပါ။ မှတ်သားပါ။ ရယ်မောနေတဲ့လူက ဘယ်နှစ်ယောက်၊ သုံမှုန်နေတဲ့လူက ဘယ်နှစ်ယောက်၊ ငြင်ခုန်နေတဲ့ လူက ဘယ်နှစ်ယေက်၊ တင်းမာခက်ထန်နေတာ ဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့။ ပြီးရင် ကျွန်တော်တို့ နိုင်ငံမှာ လည်း အဲလိုလေ့လာသုံးသပ်မှု့တစ်ခု လုပ်ကြည့်ပြီး ချိန်ထိုးကြည့်ပါ။
ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေ အသုံးအဆောင်တွေ အဆင့်မြင့်ပြီး ပေါများဖူလုံအောင် ကြိုးစားနိုင်တာ အရည်အချင်းတစ်ခုပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို အဆင့်မြင့်အောင် တည်ဆောက်ရတာကတော့ အဆများစွာပိုခက်ပါတယ်။
ကျွန်းပေါ်မှာတော့ ဘဘကြီး လီကွမ်ယု ရဲ့ အကွပ်အညှပ်ကောင်းမှု့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု့နဲ့ နေထိုင်မှု့အဆင်အတန်းတွေ နေ့ချင်းညချင်း တိုးတက်လာပေမယ့် စိတ်ပိုင်းဆိုင်ရာတွေ ရင့်ကျက်ပြည့်မီဖို့တော့ ဘကြီးလီလည်း အားလျှော့ခဲ့တယ်ထင်ပါရဲ့။
ကျွန်းသားတွေအနေနဲ့ တစ်ယောက်ယောက်ကိုသော်လည်းကောင်း အများသူငှာကိုလည်းကောင်း မထေမဲ့မြင်ပြုမူတာ၊ မရုမစိုက်တာဟာ အလေ့အထ တစ်ခုလိုလက်ခံလာပါပြီ။
ပုံလေးတွေကိုကြည့်ပါဦး
                                          ထိုင်ခုံနေရာ ဦးထားတဲ့ အန်တီကြီးပေါ့
ကျွန်းပေါ်က အထင်ကရ မီဒီယာတစ်ခုဖြစ်တဲ့ channel 8 က ကားတစ်စီး စည်းကမ်းမဲ့ ရပ်နားထားပုံပါ။
ဒါကလည်း စည်းကမ်းမဲ့ ရပ်နားထားတဲ့ ကားပုံတွေ။ ကျွန်းသားတွေက ရဲနဲ့ ကင်မရာနဲ့ကလွဲရင် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုကြတယ်။
နေ့လည်ခင်း စားသောက်ဆိုင်မှာ လူပြည့်ကြပ်နေချိန် စိတ်လွတ်ကိုယ်လွတ် အိပ်နေတဲ့ ကျွန်းသူတစ်ယောက်ပေါ့။
ဒီနေ့ အလုပ်ပိတ်ရက်မို့ အိပ်ရာက နိုးနိုးချင်း ဒီပိုစ့်ကိုရေးဖြစ်ပါတယ်။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျွန်တော်ရဲ့ အမြင်နဲ့ အယူအဆလေးတွေဖြစ်ပါတယ်။
Saturday, 12 November 2011
Bigger ကြိုက်တဲ့ တက္ကစီဆရာ
စင်ကာပူမှာပေါ့ တက္ကစီစီးဖူးတဲ့ လူတိုင်း စင်ကာပူ တက္ကစီတွေ တက္ကစီဆရာတွေနဲ့ ပက်သက်ပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိဖူးမှာပါ။ ကျွန်တော်ကတော့ ထူးထူးခြားခြားကြီတော့ မဟုတ်ပေမယ့် အမှတ်ရနေတဲ့ အကြောင်းအရာတစ်ခု သတိရလို့ ပြောပြချင်တယ်။
(Photo - Mg Thant)
စင်ကာပူ တက္ကစီတွေမှာ သူ့ဓလေ့နဲ့ သူရှိတယ်။ ပုံမှန်အချိန်ဆိုရင် စင်ကာပူက တက္ကစီတွေဟာ အမောက်စိမ်းစိမ်းလေးတွေနဲ့ Available ဆိုပြီး တော်တော်များ လမ်းပေါ်မှာ သွားနေကြတာ စင်ကာပူမှာ တက္ကစီတော်တော်ပေါပြီး လိုချင်တဲ့အချိန် လမ်းပေါ်ထွက်တားလိုက်ရုံနဲ့ ရတယ်လို့ ထင်ရင် မှားလိမ့်မယ်။ စင်ကာပူက တက္ကစီတွေဟာ ပုံမှန်မှာသာ အခုလို လမ်းပေါ်ရောက်နေပြီး ဥပမာ မနက်ရုံးသွားချိန်မှာ မိုးရွာလို့ ဘတ်စ်ကားနဲ့ ရထားနဲ့ သွားဖို့ ခက်ခဲနေရင် လမ်းပေါ်ထွက်တားတောင် အမောက်နီနီနဲ့ Busy ပြနေတဲ့ တက္ကစီတွေပဲ တွေ့ရလိမ့်မယ်။ ဒါနဲ့ On Call လို့ ခေါ်တဲ့ သူတို့ တက္ကစီကုမ္ပဏီကို ဖုန်းခေါ်ပြီး အော်ဒါလုပ်လိုက်ရင်တော့ ကိုယ့်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တယ်။ On Call ခတော့ ၂ကျပ်ခွဲကနေ ၃ကျပ်ခွဲထိတော့ အပိုပေးလိုက်ရပြီးပဲ... ဒါမျိုးကိုစောင့်နေကြတာပေါ့... ဒီလိုပဲ ည ၁၁နာရီ ၁၁နာရီခွဲလောက် အချိန်မျိုးဆိုရင်လည်း သူတို့တွေ လမ်းပေါ်မှာ မရှိလောက်အောင် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားတတ်တယ်။ ညနက်ရောက်သွားလို့ တက္ကစီ ရှားသွားတယ် မထင်ပါနဲ့ ည ၁၂နာရီကျော်ရင်တော့ တက္ကစီတွေ ပြန်ပြီး လမ်းသလားနေတာတွေ့ရလိမ့်မယ်။ အဲဒီအချိန် စီးမိရင်တော့ စီးမိသလောက် မီတာကုန်ကျစရိတ်အပြင် အပိုထပ်ဆောင်း ၅၀ရာခိုင်နှုန်း ညနက် ပြေးဆွဲခအဖြစ် ပေးရတာပဲ.. ဒါကတော့ တက္ကစီတွေ လမ်းပေါ်မှာလုပ်စားတတ်တဲ့ ဓလေ့ပေါ့လေ...
နောက်ထပ် တက္ကစီဆရာမျိုးစုံရဲ့ ဓလေ့တွေလည်းရှိတယ်။ များသောအားဖြင့် စင်ကာပူက တက္ကစီဆရာတွေက စိတ်ချရပါတယ်။ ဥပမာ လမ်းတွေ ပတ်မောင်းတာမျိုး လူကို အန္တရယ်ပြုတာမျိုး ရာခိုင်နှုန်းနည်းပါတယ်။ ပစ္စည်းကျန်ခဲ့တာမျိုးကတော့ ပြန်ရဖို့ကတော့ ငါးဆယ် ငါးဆယ်ပေါ့... အဲ တက္ကစီစီးကြပြီး ဆိုရင် တခါတလေ တစ်ယောက်လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အများနဲ့လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အထူးသဖြင့် တစ်ယောက်တည်း စီးမိတယ် အခါမျိုးဆိုရင် တက္ကစီဆရာတွေက အလ္လာပ သလ္လာပတွေ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်တွေကို မြန်မာတွေမှန်း သိတာနဲ့ အများအားဖြင့် နိုင်ငံရေးနဲပက်သက်တာ မေးကြပြောကြတာများပါတယ်။ မြန်မာနိုင်ငံရေး အကြောင်းပြောရင်း သူတို့နိုင်ငံရေး အကြောင်း ဝေဖန်တာမျိုးက ရိုးနေတဲ့ ဇတ်လမ်းတပုဒ်လိုပါပဲ... အများဆုံး အမေးခံရတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ဆောင် The Lady လို့ သူတို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပေါ့။ တခါ ကျွန်တော့် အဖေနဲ့ အမေလာလည်တော့ တက္ကစီတခါစီးတိုင်း တက္ကစီဆရာတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲမေးနေတော့ ကျွန်တော့်အဖေတောင် သြချသွားပါတယ်။ ပြည်တွင်းမှာတောင် အရင်က သူ့နာမည်ကို ဒီလောက်မကြားရဘူးကိုး...
အဲဒီလိုပြောလို့ တက္ကစီဆရာတိုင်း လေကြွယ်တယ် မထင်ပါနဲ့ အချို့တက္ကစီဆရာဆိုရင် ကိုယ်ပြောလိုက်တဲ့ နေရာ သူတို့တန်းသိတယ်ဆိုရင် တက္ကစီပေါ်ကနေ ဆင်းသာသွားမယ် စကားတခွန်းမဟတာလဲ ကြုံဖူးတယ်။ ကဲလာပါပြီး... စင်ကာပူမှာ တက္ကစီစီးတဲ့အခါ ကသိကအောက် အဖြစ်ဆုံး အနေအထားကတော့ တက္ကစီဆရာက အဂ်လိပ်လို မပြောတတ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ပြောတဲ့ အဂ်လိပ်ကို သူတို့ နားမလည်တဲ့အခါပါပဲ... တခါတလေများ ကိုယ်တခွန်းပြော သူတို့နားမလည် သူတခွန်းပြော ကိုယ်ကနားမလည်နဲ့ တလမ်းလုံးတောင် စကားများသွားရတယ်။ အဆုံးစွန်ဆုံး ကိုယ်ပြောတာ သူနားမလည်လို့ တက္ကစီပေါ်ကနေတောင် ဆင်းသွားရတဲ့အခါရှိတယ်။ အဆိုးဆုံးကတော့ သူတို့ အဂ်လိပ်လို လည်လည်ဝယ်ဝယ် မပြောနိုင် ကိုယ်ပြောတာကို သူတို့နားမလည်နိုင်တာကို သူတို့ရဲ့ အားနည်းချက် သူတို့ရဲ့ လိုအပ်ချက်လည်းပါတယ်လို့ မယူဆဘဲ သူတို့ကပဲမှန်တယ် သူပြောတာ နားမလည်ရင် ဂျောင်း ကိုယ်ပြောတာ သူနားမလည်ရင် ကိုယ့်ကို ပြန်ဟောက်တာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။
လာပါပြီး.. နိဒန်းကို အရှည်ချီပြီး ဇတ်လမ်းကို စမယ်... ကန့်လန့်ကာဖွင့်... :P
တရက်ကပေါ့ မြန်မာပြန်ကို အလည်ပြန်ပြီး ပြန်လာတဲ့ ညီမလေးတစ်ယောက်ကို ချန်ဂီလေဆိပ်မှာ သွားကြိုပါတယ်။ အပြန်တော့ အထုတ်အပိုးတွေနဲ့ဆိုတော့ ရထားမစီးတော့ဘဲ တက္ကစီနဲ့ ပြန်တာပေါ့။ အဲဒီအချိန် စင်ကာပူမှာ ရာသီဥတုကလည် အရမ်းပူနေတဲ့အချိန်... လေဆိပ်မှာကျတော့ တက္ကစီငှားချင်တဲ့အခါ သတ်မှတ်ထားတဲ့နေရာမှာ တန်းစီပြီးတော့ စီးရတာ... အလှည့်ရောက်တော့ တက်လိုက်ပါပြီး တက္ကစီတစ်စီး တက္ကစီပေါ်တက်လိုက်တာနဲ့ ကိုယ့်သွားမယ့်နေရာကို ပြောလိုက်တယ်။ ပြီးတော့ တက္ကစီဆရာမျက်နှာကို အနောက်ကနေ အကဲခတ်လိုက်တယ် သူနေရာကို သိလားပေါ့... ဒါပေမယ့် သူ့မျက်နှာက သိတယ်လည်း မဆို... မသိဘူးလည်း မဆိုဘဲ မှုန်ကုတ်ကုတ်နဲ့ ဒါနဲ့ ကိုယ်လည်း ဘာမှဆက်မပြောဘဲ သူမောင်းတာ လမ်းမှားမှ ပြန်တည့်ပေးလိုက်မယ်ဆိုပြီး... ကိုယ့်အချင်းချင်းပဲ စကားပြောနေလိုက်တယ်... ဒါနဲ့ တက္ကစီက အဝေးပြေး လမ်းမပေါ်ရောက်တော့ တစ်ခုခုခံစားလိုက်ရတယ်... အရမ်းပူတာပဲ... အပြင်က အရမ်းပူနေလို့ ကားထဲက အဲကွန်းကပဲ မနိုင်တာလားဆို... ကားဒက်စ်ဘုတ်ဆီကို ကြည့်လိုက်တယ်... မဟုတ်ပါဘူး.. တက္ကစီဆရာက အဲကွန်းကို လျှော့ထားတာ တွေ့ရတယ်။ အဲဒါနဲ့ သူ့ကို လှမ်းပြောလိုက်တယ်
Hi, can you please increase the aircon? we feel hot.
ဆိုပြီး တခါတည်း နားလည်အောင် ခပ်လွယ်လွယ်ပဲ ပြောလိုက်တယ်။ ဒါပေမယ့် ဆရာသမားက တုတ်တုတ်မျှ မလှုပ်၊ မကြားတာဘဲလား ဆိုပြီး နည်းနည်း ထပ်ကျယ်ကျယ် ပြောလိုက်တယ်။ ဒီတစ်ခါတော့ နောက်ကြည့်မှန်ကနေ ကိုယ့်ကို ဘုပြန်ရှိုးတာ တွေ့လိုက်သည်။ ဟိုက် အဲလိုချည်းလားဆိုပြီး ထပ်မပြောတော့ဘဲ ငြိမ်နေလိုက်တော့သည်။ ဘာကြောင့် မှန်းကိုမသိ... နားမလည်တာလား.. တမင် မလုပ်ပေးချင်တာလား .. ဒါပေမယ့် ပါလာတဲ့ ညီမလေးကိုယ်တိုင်က လေယာဉ်စီးလာလို့ ညီစီစီ ဖြစ်နေချိန် ကြာလာတော့ သူတော်တော်မွန်းလာတာကြောင့် ကျွန်တော့်ကို ထပ်တောင်းဆိုဖို့ ပြောသည်။ ကျွန်တော်လည်း ကီသွင်းကာ ရှေ့ကိုနည်းနည်းတိုးပြီး...
Uncle, can you pleaseee increase the aircon? aircon aircon... increase increase...
ဆိုပြီး aircon ခလုတ်ကို လက်ညိုးလည်းထိုး လက်ညှိုးနဲ့ လက်မနဲ့ လှည့်သလိုလဲ လုပ်ပြ... သို့သော် ဆရာသမားက မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်ရုံကြည့်ပြီး ကားကိုပဲ မဲမောင်းနေသည်။ တော်တော်လေသွားပြီး ငါတို့နှယ် ကံဆိုးလေစွဟုသာ သက်ပြင်းချမိသည်။ နောက်ပြန်ထိုင်ချကာ မမူးစေရန် ညီမလေးကို စကားမပြောခိုင်းတော့ဘဲ အပြင်ဘက်ကိုပဲ အာရုံလွှဲ ကြည့်ခိုင်းဖို့ ပြောရသည်။ ကျွန်တော်ကိုယ်တိုင်လည်း အပြင်ဘက်ကို သက်ပြင်းချရင်း ငေးနေရတော့သည်။ မှန်ကလည်း ဖွင့်လို့မရတော့... လေဆိပ်နဲ့ အိမ်မှာလည်း အနည်းငယ် ဝေးသောကြောင့် တော်တော် သည်းခံရဦးမည်။ သို့သော် ငါးမိနစ်ပင် မကြာလိုက် ကားထဲမှာ အေးလာသလို ခံစားရသည်။ လေကောင်းကောင်း ရှူရသလို ခံစားလာရသည်။ ဒါနဲ့ ရှေ့ကို ပြန်ကြည့်တော့ ကားဆရာမှာ အဲကွန်းကို မြှင့်နေတာ တွေ့ရသည်။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း.. ချက်ချင်းဆိုသလိုပင် သူ့ကို
Thanks you ... Oh Thanks you very much.. That's what I meant .. increase the aircon increase the airon
ဆိုပြီး ၀မ်းသားအားရ ပြောလိုက်မိသည်။ အဲဒီမှာ တက္ကစီဆရာက ကျတော့ဘက် လှည့်လာပြီး...
What meant increase... what increase aircon... BIGGER lah.. BIGGER the aircon... BIGGER.. BIGGER.. YOU.. AHH... Aiyo.. walah
ဘာညာ ဆိုပြီး ကျတော့ကို  ကုန်းအော်လေတော့သည်။ ကျတော်လည်း ရုတ်တရက် ကြောင်သွားသည်.. နောက်တော့ သူဘာဆိုလိုချင်မှန်း သဘောပေါက်သွားသည်။ သူ့မှာ ကျနော် ပြောတဲ့ increase the aircon ကို နားမလည်ပါ။ ဒါပေမယ့် ကျတော်တို့ ဘာဖြစ်နေမှန်း ဘာလိုချင်နေမှန်းတော့ သဘောပေါက်ပုံတော့ရသည်။ သူ့စိတ်ထဲမှာ increase the aircon က ပြောပုံမှားနေပြီး bigger the aircon ကမှ အမှန်... ကျတောတို့ အမှန်မပြောနိုင်တော့ သူကမာနနဲ့ မလုပ်ပေးချင်တာလို့ ထင်သည်။ ကျနော်လည်း ဘာမှထွေထွေထူး မပြောနေဘဲ
Yes Sir.. Yes Sir..  Anyway Thanks you so much
လို့သာ ပြောလိုက်တော့သည်။ သြော် bigger the aircon တဲ့လား... အဲကွန်းကို ပိုကြီးအောင် လုပ်လိုက်ရင် ပိုအေးသွားတာပေါ့နော်... မှတ်သားလောက်ပါတယ်.. ဒါနဲ့ပဲ ညီမလေးဘက်လှည့်ပြီး ညီမလေး အဲကွန်း ဘစ်ကား လုပ်ပေးလိုက်ပြီးတဲ့နော် အခု အဆင်ပြေသွားပြီ မမူးတော့ဘူး မဟုတ်လား မေးရာ ညီမလေးက အင်း ဘစ်ကားလုပ်လိုက်တော့ မမူးတော့ဘူး အဆင်သွားပြီး ပြန်ပြောတော့ ကျွန်တော် နှစ်ယောက်လုံး အိမ်ရောက်တဲ့အထိ ရီလို့ မဆုံးတော့ပေ........
credit to mgthant.me (၁၀ နိုဝင်ဘာ ၂၀၁၁)
Saturday, 8 October 2011
စင်ကာပူ ကားမှတ်တိုင်က ဖြစ်ရပ်လေးတစ်ခု
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်မှာ
လူထုအာဘော် အတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ရေးသူက
စင်ကာပူလူမျိုးတစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ
တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။
အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူအမျိုးသားကြီးတစ်ယော
က်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖိလစ်ပီနိုအမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်းတိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲဒီ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး အော်ကြီးဟစ်ကျယ်
ကြိမ်းမောင်းတော့တာပဲတဲ့။ နောက်ဆုံးစကားကတော့ နင်တို့ အလကားလာရှုပ်နေတယ်။
ကိုယ့်တိုင်းပြည် ကိုယ်ပြန်လို့ ပြောတာဖြစ်တယ်တဲ့။ ဖိလစ်ပီနိုအမျိုးသမီးဟာ
ကလေးလေးချီပြီး တန်းစီတဲ့ထဲက ထွက်သွားရရှာတယ်တဲ့။
ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ အပြုအမူဟာ ယဉ်ကျေးတဲ့
နိုင်ငံကြီးသား မပီသကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားတွေအပေါ်
အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးပြီး ရိုင်းပြတဲ့
စင်ကာပူသားတွေအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့တယ်။ နိဂုံးချုပ်မှာ
သူရေးလိုက်ပုံက ဒဿနဆန်တယ်။ ဘယ်လိုလဲဆိုတော့ "ကျွန်တော်ပိုပြီး
စိတ်မကောင်းဖြစ်ရတာကတော့ ကလေးလေး ချီထားတဲ့ မိန်းမသားတစ်ယောက်ကို
အဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအ၀င်
မည်သူကမှ ၀င်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာဖြစ်တယ်။ ၀င်ရောက်ဟန့်တားဖို့
မ၀ံ့ရဲခဲ့ကြတာ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်" လို့
ရေးထားတာပဲဗျ။
အဲဒီပေးစာရှင်ရဲ့ စိတ်ထားလေးကို သဘောကျလွန်းလို့ ကျွန်တော်က စင်ကာပူမှာ
အလုပ်လုပ်နေတဲ့ သမီးဆီကို "ဂျီတော့" ပြောတဲ့အခါ ဒီအကြောင်း
ထည့်ပြောလိုက်တယ်။
သမီးက အဲဒီတော့မှ သူ့အနားမှာရှိတဲ့ သတင်းစာကို ပြန်ဖတ်ကြည့်ပြီး
ဘယ်လိုပြန်ပြောလဲဆိုတော့ အဲဒီ ပေးစာရေးသူဟာ စလုံးတစ်ယောက် ဖြစ်မယ်လို့
လုံးဝမထင်ဘူးတဲ့။ ကလေးလေးနဲ့ ဖိလစ်ပီနို အမျိုးသမီးက ပြန်ပြောလို့ သိရတဲ့
သူတို့လူမျိုး တစ်ယောက်သော်လည်းကောင်း၊ အဲဒီအချိန်က တန်းစီနေတဲ့ထဲမှာ
ရှိနေတဲ့ စလုံးမဟုတ်သူ တစ်ယောက်ယောက်သော်လည်းကောင်း ဖြစ်ရမယ်လို့ တစ်ထစ်ချပြောတယ်။ ဘာကြောင့်လဲဆိုတော့ သမီးရဲ့ အတွေ့အကြုံအရ အဲသလို နိုင်ငံခြားက
အလုပ်လာလုပ်နေသူတွေကို လူလူချင်း စာနာထောက်ထားတဲ့စိတ်နဲ့ ရှုမြင်တဲ့
စလုံးဆိုလို့ တစ်ယောက်မှ မတွေ့ဖူးလို့ပါပဲတဲ့။
သမီးပြောတာတွေရော၊ ကျွန်တော့်ကိုယ်တွေ့ရော ပေါင်းစပ်ပြောရရင်ဖြင့်
စင်ကာပူအတော်များများဟာ မျက်နှာထားကိုက အပြောင်းအလဲများတာ တွေ့ရတယ်။
အရှေ့တောင်အာရှက သူတို့ဆီ အလုပ်လာလုပ်နေသူတွေကို ဆက်ဆံရာမှာ အလွန်မောက်မှာ
ရိုင်းပြတယ်။ ဥရောပတို့ အမေရိကန်တို့က လာပြီးအလုပ်လုပ်နေသူ
အဖြူတွေကိုကျတော့ ဖင်လျက်ဆားဖြူး လုပ်လိုက်ကြတာ လွန်ရောပဲ။
စင်ကာပူသားတွေ အခုဖြစ်နေပုံက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဂျပန်တွေနဲ့တူတယ်။
၁၉၇၆ ခုမှာ ကျွန်တော် ဂျပန်ကို လေ့လာရေးသွားခဲ့ဖူးတယ်။ ၁၉၇၇ မှာ
နောက်တစ်ခေါက် ထပ်ရောက်တယ်။
ကျွန်တော်ထိတွေ့ခဲ့ဖူးတဲ့ ဂျပန်တွေထဲက အများစုဟာ အမေရိကန်ကို
အရမ်းအထင်ကြီးတယ်။ ကျန်အာရှတိုက်သားတွေကို အထင်သေးတယ်။
ကိုရီးယားတွေကိုကျတော့ ချိုးချိုးနှိမ်နှိမ်ကို ဆက်ဆံတယ်။ (မကြာခင်
တောင်ကိုရီးယားက သူတို့ကို မယိုးမစွဲ လိုက်ယှဉ်လာတော့တာပါပဲ) ကျွန်တော်နဲ့
နည်းနည်းရင်းနှီးသွားတဲ့ ဂျပန်အရာရှိတစ်ယောက်ကို ခင်ဗျားရုပ်ရည်က
ရုတ်တရက်ကြည့်ရင် ကိုရီးယားလူမျိုးနဲ့ တူတယ်နော်။ ခင်ဗျားတို့က
နိုင်ငံချင်းကပ်နေသလောက် ရုပ်ချင်းလည်း ဆင်တယ်လို့ ပြောမိတာနဲ့
စိတ်ဆိုးသွားလိုက်တာ လန့်တောင်လန့်တယ်။ ဂျပန်တစ်ယောက်ကို ကိုရီးယားနဲ့
တူတယ်လို့ပြောတာ အဲဒီဂျပန်ကို မစင်ထုပ်နဲ့ ပေါက်သလိုပဲလို့ သူကပြောတယ်။
ကျွန်တော့်မှာ တောင်းပန်လိုက်ရတာ အာကိုပေါက်ရော။
စင်ကာပူတွေက ခုမှ နီပွန်တွေနောက်က လိုက်တာ။ ဒါပေမယ့် တူတော့မတူပါဘူး။
ဂျပန်က လူဦးရေ ၁၂၇ သန်းကျော်၊ စင်ကာပူက ၄ သန်းခွဲလောက်ပဲ ရှိတယ်။ ၁၉၆၅
ကျမှ စင်ကာပူဟာ တိုင်းရယ်ပြည်ရယ်လို့ ဖြစ်လာတာ၊ သို့ပေမယ့် ခေါင်းဆောင်
လီကွမ်ယူက အကွပ်အညှပ်ကောင်းလို့ စီးပွားတက်လာခဲ့တယ်။ စီးပွားရေး
ကောင်းလာတော့ အိမ်နီးချင်းတွေက အလုပ်လာလုပ်ကြတယ်။ ပထမတော့ သူတို့ဆီမှာ
ပရော်ဖက်ရှင်နယ်တွေ ရှားပါးလို့ နိုင်ငံခြားသားတွေကို ကြိုဆိုတယ်။
ပျော်အောင်ထားတယ်။ နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံသားတွေကို ဘက်ကန်တယ်။ သူတို့ဆီမှာ မနေချင်အောင် စိတ်ညစ်အောင် လုပ်တယ်။ နောက်တော့ မနေနိုင်အောင် လုပ်လာကြတယ်။
သတင်းစာထဲမှာပါတဲ့ ပေးစာရေးသူဟာ စင်ကာပူမဖြစ်နိုင်ဘူးလို့ ကျွန်တော့်သမီးက
ယူဆတာက အဲဒီစာထဲပါတဲ့ အတွေးအခေါ်မျိုးဟာ စလုံးတွေအတွက်
မြင့်လွန်းနေလို့ပါတဲ့။ မိမိရှေ့မှာ မတော်မတရား ပြောဆိုပြုမူနေတာကို
မဟန့်တားဘဲ လက်ပိုက်ကြည့်နေရင် အဲသလို ကြည့်နေသူဟာလည်း အပြစ်မကင်းဘူးဆိုတဲ့
အယူအဆဟာ တကယ်ယဉ်ကျေးတဲ့ နိုင်ငံကြီးသားစိတ်ဓာတ် လူကြီးလူကောင်းစိတ်ဓာတ်
ဖြစ်တယ်လို့ နားလည်ထားကြတာကိုး။
စင်ကာပူမှာ ခုနဘတ်စ်ကားဂိတ်မှာ ဖိလစ်ပီနိုအမျိုးသမီး ခံလိုက်ရသလို
စော်ကားမော်ကား ဆက်ဆံခံရတဲ့ ဘ၀တူတွေ အများကြီးပါ။ မြန်မာလူငယ်တွေကတော့
ချန်ဂီလေဆိပ် စရောက်ကတည်းက အဲသလိုမျိုးတွေ ဆက်ဆံခံရတာပါပဲလို့ ဆိုပါတယ်။
အဲဒီသတင်းမျိုးတွေကြားရင် ကျွန်တော်တို့ကတော့ ကိုယ့်ပြည်တွင်းမှာ
စင်ကာပူလို လုပ်ခလစာပေးနိုင်တဲ့ လုပ်ငန်းတွေ များများပေါ်လာပါစေလို့ပဲ
ဆုတောင်းတယ်။ ကျွန်တော်တို့ဆီမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ မဝေးတော့တဲ့
ကာလအတွင်း မုချဖြစ်လာရမယ်လို့ပဲ ကြုံးဝါးနေမိပါတယ်။
[True News သစ္စာဂျာနယ်၊ အတွဲ-၂၊ အမှတ်-၄၅၊ ၆ ဇူလိုင် ၂၀၁၀၊ စာမျက်နှာ-၂၄]
စင်္ကာပူနှင့်အလုပ်အကိုင်အခွင့်အလမ်း
စင်္ကာပူကို အလုပ်လာလုပ်မဲ့သူတွေအဆင်ပြေစေဖို့အတွက် ကျွန်တော် ဘလော့အစုံက အချက်အလက်တွေစုဆောင်းပေးထားတာပါ။
အေးဂျင့်တွေရဲ့ မလိမ့်တပတ်လုပ်ရပ်တွေကြောင့် ဂျာကလယ်လိုက်နေကြတဲ့ မြန်မာတွေကို အဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ပါ။ သက်ဆိုင်ရာ ဘလော့ဂါများ နားလည်ပေးမယ်လို့ ယူဆပါတယ်ခင်ဗျာ။
စင်္ကာပူနှင့်အလုပ်အကိုင်အခွင့်အလမ်း
ဒီစာကို ရေးချင်နေတာ ကြာပါပြီ။ ရေးမယ် ရေးမယ်နဲ့ မစဖြစ်မစဖြစ် တော်တော် တောင်ကြာသွားတယ်။ ပြီးတော့ ဖတ်မိတဲ့ သူတွေက တော်တော် ဆရာကြီးလုပ်လှချည်လား ထင်မှာလည်း စိုးတာပါပေသပေါ့။ ဒီစာရဲ့ အဓိက ရည်ရွယ်ချက်က လက်ရှိ ဒီကို လာဖို့ ကြိုးစားနေတဲ့သူတွေ ကျွန်တော်တို့တုံးကလို အလိမ်မခံရစေဖို့ ရည်ရွယ်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာတွေဟာ လက်ရှိ ဒီမှာ ရောက်ရှိနေပြီးသားသူတွေ အတွက်တော့ သိပြီးသားတွေပါကွာလို့ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့ပေမဲ့ မရောက်သေးတဲ့ သူတွေအတွက်တော့ အကျိုးတစုံတရာရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
စင်္ကာပူမှာ ဗမာတွေ အလုပ်လာလုပ်တာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မမွေးခင်ကတည်းက လာရောက်အလုပ်လုပ်နေကြတာ ဖြစ်တယ်။ ဒီကိုရောက်ပြီး အထူးသဖြင့် ပင်နီဆူလား ပလာဇာကို သွားကြည့်လိုက်။ မြန်မာတွေ တပုံမှ တပုံတပင်။ ရောက်ပြီး ဒီမှာ အချိန် အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်ပြီး ပြန်သွားခဲ့တဲ့သူတွေလည်း အများကြီး။ ဒီလိုများနေသည့်တိုင်အောင် မြန်မာပြည်ဘက်ကနေ စင်္ကာပူကို လာဖို့ခရီးစဉ်ဟာ မရောက်ဖူးသေးသူအဖို့ ပဟေဠိဆန်နေတုံး။
ဒီလိုပဟေဠိဆန်လေလေ အေးဂျင့်တွေက ရိုက်လို့ ကောင်းလေလေပဲ။ အခုနေ ဆိပ်ကမ်းသာ လမ်းတ၀ိုက်က အေးဂျင့်တွေကို သွားမေးကြည့်လိုက်။ ပြောပြပါလိမ့်မယ်။ စင်္ကာပူသွား အလုပ်လုပ်တဲ့ ခရီးကို နတ်ပြည်တက်ရတဲ့ ခရီးလိုလို ထင်ရအောင် ပြောပြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကိစ္စတွေ ဖြစ်တဲ့ အတွက် အတော်ကို ခိုင်ခိုင်မာမာ ပြောရဲတာပါ။ သူတို့ စီးပွားရေးလုပ်တာ။ မှန်ပါတယ်။ လုပ်ပါစီးပွားရေး။ မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးပြီး မှန်မှန်ကန်ကန် ထိုက်သင့်လျောက်ပတ်တဲ့ ၀န်ဆောင်ခယူပါ။ အခုတော့ ၀န်ဆောင်ခကို တနင့်တပိုးယူတယ်။ ပေးလိုက်တဲ့ ၀န်ဆောင်မှု။ ၁၀၀ မှာ ၇၅ ယောက် အဆင်မပြေပါဘူး။ ဘာလဲ ဒီဝန်ဆောင်မှု။
အခုခေတ်ကာလက တော်တော်လေးကို ပွင့်လင်းနေပါပြီ။ လိမ်ညာတဲ့လူကို ထားပါ။ လိမ်ညာခံရဖို့ မသင့်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုပဲ အလိမ်ခံခဲ့ရတဲ့ စာရင်းထဲ ပါခဲ့ဖူးလို့ပါ။
ကျွန်တော့် ဇာတ်လမ်းလေး နည်းနည်းပြောပြပါရစေ။ ဘာလို့လည်းဆိုတော့ ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ချည်းပဲ အလိမ်ခံခဲ့ရ၊ အလိမ်ခံနေရဆဲ၊ အလိမ်ခံရဦးမဲ့သူတွေ အများကြီးဖြစ်နေလို့ပါပဲ။
စစချင်း ခင်မင်ရင်းနှီးတဲ့သူတစ်ယောက်ကပြောမယ်။ ဒီလိုဒီလို စင်္ကာပူမှာ အလုပ်ရမယ့် အခွင့်အလမ်းရှိတယ်။ ကိုယ်ကိုတိုင်ကလည်း စင်္ကာပူကို သွားအလုပ်လုပ်ချင်နေတဲ့သူဆိုတဲ့ခါကျတော့ အေးဟုတ်လား ဆိုပြီး၊ ကဲ သွားတွေ့ကြည့်မယ်ဆိုပြီးတော့ကာ သွားရောက်ဆက်သွယ်ပါတယ်။ ဆိုတော့ အေးဂျင့်လုပ်တဲ့သူက ဒါဆို မင်း စာရွက်စာတမ်းတွေ လာပေးထားနှင့်ဆိုတာနဲ့ ၀မ်းသာအားရသွားပေးထားမယ်။ အဲဒီပေးတဲ့ အချိန်မှာတော့ ကြွေလောက်အောင်ပြောပြပါလိမ့်မယ်။ စင်္ကာပူရောက်ရင် ဘာလုပ်ရမှာ၊ ညာလုပ်ရမှာ ဆိုပြီးတော့။ နောက် တစ်ပတ်တန်သည် နှစ်ပတ်တန်သည်ကြာတဲ့ အချိန်မှာ အင်တာဗျုးရှိတယ်ဆိုပြီး ခေါ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ မင်း တို့အတွက် ခရီးသွားဖို့လာဖို့ လိုတဲ့အခါ သုံးရမယ်ဆိုပြီး သကာလ ပတ်စပို့ကို ရအောင်တောင်းသွားပါလိမ့်မယ်။ ပတ်စပို့ ရပြီးသွားတဲ့ အခါ။ တစ်ရက်ရက်မှာ တစ်နေရာရာမှာ နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့တွေပြီး အင်တာဗျုးဆိုပြီး လုပ်ပေးပါလိမ့်မယ်။ ပြီးတဲ့ခါကျတောက ဗီဇာလျှောက်ဖို့ အတွက်ဆိုပြီး ငွေ သိန်းဂဏန်း တချို့ တောင်းပါလိမ့်မယ်။ ကိုယ်က မသေချာလို့ဆိုပြီး အဲဒီငွေကို မပေးခဲ့ဘူးဆိုရင် ယူထားတဲ့ ပတ်စပို့ကို ပြန်မပေးတော့ပါဘူး။ ပြီးတာ့ သကာလ ပတ်စပို့ကို လျှောက်ထားရ မည်မျှ ခက်ကြောင်း၊ မည်မျှကုန်ကျကြောင်း ပြောပြပါလိမ့်မယ်။ သူတို့ပြောချင်တာက သူတို့ဆီက ပတ်စပို့ကို သူတို့တောင်းတဲ့ ငွေ ပမာဏပေးပြီး ရွေးယူရုံကလွဲပြီး တခြားနည်းလမ်းမရှိကြောင်း ပြောချင်ခြင်းသာဖြစ်ပါတယ်။
အေးဂျင့်တွေအားလုံးပဲ အဆင်မပြေဘူးလား။ ဒါမေးစရာရှိပါတယ်။ တချို့အေးဂျင့်နဲ့လာပြီး အလုပ်လုပ်နေရတဲ့သူတစ်ချို့ ရှိပါတယ်။ ကျွန်တော်တို့ အမြင်တော့ တစ်ခုမဟုတ် တစ်ခု အဆင် မပြေတာတွေရှိတယ်ဗျာ။ တချို့က မြန်မာပြည်မှာကတည်းက အဆင်မပြေဘူး။ တချို့က မြန်မာပြည်က ထွက်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ရန်ကုန်မှာ ပြောတဲ့ အလုပ်မဟုတ်ဘူး။ ရန်ကုန်မှာပြောခဲ့တဲ့ ခံစား ခွင့်တွေမရဘူး။ ခံစားခွင့်တွေတော့ရပါရဲ့ စာချုပ်သက်တမ်းစေ့သည်အထိ နေခွင့်မရဘဲ အကြောင်းအမျိုးမျိုးပြ ပြန်ပို့ခံရတာမျိုး။ နောက်ဆုံး တစ်နှစ် အလုပ်လုပ်ပြီးသွားလို့ နောက်နှစ်တွေ သက်တမ်းတိုးတဲ့ခါ အဆင်မပြေအောင် တနည်းတဖုံ ၀င်ရောက်စွက်ဖက်တာမျိုးတွေ မရိုးရအောင်ကြုံရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကြားဖူးကြုံဖူးတဲ့ ညီအစ်ကိုတော်များရဲ့ စင်္ကာပူသွား ခရီးသွားများရဲ့ ပြသနာအဖုံဖုံပဲ ဖြစ်ကြပါတယ်။
ကဲ ဒီလိုဆိုတော့ အေးဂျင့်မှ အားမကိုးရင် စင်္ကာပူ ဘယ်လိုလုပ်သွားမလဲ။ တခြားနည်းလမ်းမှ မရှိတော့ဘူးလား။
နံပါတ် (၁) သင့်မှာ ပညာရပ်တစ်ခုခုအတွက် ကျွမ်းကျင်မှု အထိုက်အလျောက်ရှိရပါမယ်။ လွယ်လွယ်ပြောရရင် လုပ်ငန်းအတွေ့ အကြုံ အထိုက်အလျောက်ရှိရမယ်လို့ဆိုပါမယ်။
နံပါတ်(၂) မည်သည့် ၀ိဇ္ဇာသိပ္ပံပညာရပ်မဆို၊ ဘွဲ့ဒီဂရီတစ်ခုခု ရှိရပါမယ်။ ဘွဲ့ဆိုတော့ တချို့ မေးတတ်ပါတယ်။ အဝေးသင်ရောရလား ဆိုတာမျိုး။ အဝေးပဲသင်သင်၊ အနီးပဲသင်သင် ဘွဲ့တစ်ခုပါရပါမယ်။
နံပါတ်(၃) အင်္ဂလိပ်စကား ကျွမ်းကျင်မှု အထိုက်အသင့်ရှိရပါမယ်။ သူပြောတာကိုယ်နားလည်ရပါမယ်။ သူနားလည်အောင် ကိုယ်ပြန်ပြောနိုင်ရပါမယ်။
အဓိက လိုအပ်ချက်တစ်ခုက မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။
ဒီလောက်ဆို စင်္ကာပူမှာ အလုပ်လုပ်လို့ ရပါပြီ။
ဒီကိုလာဖို့လုပ်နေတဲ့သူတွေ အများဆုံးမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ စင်္ကာပူမှာ ဘယ်လို အလုပ် အကိုင်မျိုးပေါလဲ ဆိုတဲ့မေးခွန်း။ ကျွန်တော်တို့ ကိုယ်တိုင်သည်လည်း အရမ်းသိချင်ခဲ့တဲ့ မေးခွန်းပါ။ အမှန်က ဘယ်လို အလုပ်အကိုင်မျိုးပေါလဲထက် မိမိ ဘယ်လို အလုပ်အကိုင်မျိုး ကျွမ်းကျင်သလဲက ပို အရေးကြီးပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ စင်္ကာပူရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဒီအင်တာနက် စာမျက်နှာများပေါ်မှာ သွားရောက်ဖတ်ရှုပါ။
www.jobsdb.com.sg www.jobstreet.com.sg www.st701.com
ကဲ ဟုတ်ပြီ။ အဲဒီ အင်တာနက် စာမျက်နှာတွေတော့ ဖတ်ပြီးပါပြီ။ စင်္ကာပူကို ရောက်ပြီလား။ မရောက်သေးပါဘူး။ ဘာတွေ ထပ်လုပ်ဖို့လိုမလဲ။ စစချင်း သက်တမ်း အနည်းဆုံး ၂နှစ်နဲ့ အထက်ရှိတဲ့ ပတ်စပို့ စာအုပ်ရှိရပါမယ်။ သက်တမ်း ၂နှစ်နဲ့ အထက်လို့ ဆိုရခြင်းက ဒီကိုရောက်လို့ အလုပ်လျှောက်ပြီးလို့ အလုပ်လုပ်ခွင့် ပါမစ်တင်တဲ့ အခါ ဒီက အလုပ်သမား ၀န်ကြီးဌာနက အနည်းဆုံး သက်တမ်း ၁ နှစ်ရှိတဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးရမှာ ဖြစ်တဲ့ အတွက်ပါပဲ။
နောက်တစ်ချက်က ဗီဇာ။ ဗီဇာရနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။ ပထမတစ်နည်းက စင်္ကာပူမှာ PR (Permanent Residence) ဒါမှမဟုတ် နိုင်ငံသားဖြစ်နေပြီးသားသူတစ်ဦးဦးရဲ့ ဖိတ်ခေါ်စာ ရှိရပါမယ်။ အဲဒီ ဖိတ်ခေါ်စာကို ပြပြီး မြန်မာနိုင်ငံမှာရှိတဲ့ စင်္ကာပူသံရုံးမှာ ဗီဇာလျှောက်နိုင်ပါတယ်။ အနည်းဆုံး တစ်လ (သို့) ၃ လသက်တမ်းရှိတဲ့ ဗီဇာ ထုတ်ပေးပါလိမ့်မယ်။ တစ်ခုအမှတ်မမှားစေလိုတာက အဲဒီဗီဇာ သက်တမ်း ၁ လ၊ ၃လ ဆိုတာသည် ဗီဇာရဲ့ သက်တမ်းသာဖြစ်ပြီး စင်္ကာပူမှာ နေထိုင်ခွင့် (Stay) မဟုတ်ကြောင်းပါ။
အဲဒီဗီဇာကို ကိုင်ပြီး စင်္ကာပူကို လာလို့ ရပါတယ်။
နောက်တစ်နည်းက အဲဒီ ဖိတ်ခေါ်စာမရရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင် စင်္ကာပူ သံရုံးမှာ အပေါင်ငွေ (Deposit) ထားပြီး လျှောက်တဲ့နည်းပါ။ အပေါင်ငွေကတော့ အဲဒီ ဗီဇာသက်တမ်း မကုန်ခင်အချိန်အတွင်း မြန်မာနိုင်ငံကို ပြန်လာပါ့မယ်ဆိုတဲ့ သဘောပါပဲ။ တကယ်လို့ အလုပ်ရသွားလို့ အဲဒီဗီဇာသက်တမ်း အတွင်း ပြန်မလာဖြစ်ခဲ့ရင် အပေါင်ငွေ ဆုံးပါတယ်။
ဒီနှစ်နည်းနဲ့ စင်္ကာပူကိုလာခွင့် ဗီဇာ ရယူနိုင်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်ခွင့် ရရှိရေးအတွက် အစိုးရအသိအမှတ်ပြု အလုပ်လုပ်ခွင့်လက်မှတ်တွေ အကြောင်းကိုက ဒီလိပ်စာတွေမှာ သွားရောက်ဖတ်ရှုပါ။
http://www.mom.gov.sg/publish/momportal/en/communities/work_pass.html
အေးဂျင့်တွေ အရူးချေးပန်းလျှောက်ပြောတာကို အဟုတ်မှတ် နားယောင်နေတာထက်စာရင် ဒီအင်တာနက် စာမျက်နှာတွေက သတင်းအချက်အလက် အပြည့်အစုံပေးနိုင်ပါတယ်။
ကဲ... ဗီဇာရပြီ ဆိုပါတော့။ ဘာဆက်လုပ်မလဲ။ စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်း ဒါမှ မဟုတ် အသိမိတ်ဆွေ တစ်ယောက်ယောက်ကို ဆက်သွယ်ပါ။ စင်္ကာပူကို ရောက်ရောက်ချင်းမှာ ခေတ္တနေထိုင်နိုင်ရေး စီစဉ်ပေးနိုင်ဖို့ပေါ့။ ပြီးရင် လေယာဉ်လက်မှတ်ကို တနင်္ဂနွေလို ရက်မျိုးရွေး ၀ယ်ပါ။ တနင်္ဂနွေရွေးဝယ်ရခြင်းကတော့ စင်္ကာပူရောက် မြန်မာ အများစုဟာ တနင်္ဂနွေမှလွဲပြီး ကျန်တဲ့ရက်လာတဲ့ အသိမိတ်ဆွေတွေကို လေယာဉ်ကွင်း ဆင်းကြိုဖို့ အခက်အခဲရှိတတ်တဲ့ အတွက်ပါ။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက စစချင်း လာတဲ့ ဧည့်သည်ကို အနည်းဆုံး ၁၄ ရက် (သို့) ရက် ၃၀ တစ်မျိုးမျိုး Stay အနေနဲ့ ခွင့်ပြုပါလိမ့်မယ်။ အဲသည်နောက်မှာ စင်္ကာပူမြေကို စတင်ဝင်ရောက်နိုင်ပါပြီ။ စင်္ကာပူရောက်ရှိခြင်းဟာ ခရီးစဉ်ရဲ့ တစ် ၀က်အောင်မြင်ခြင်းလို့ ပြောလို့ရပါတယ်။ အဲဒီနောက်မှာတော့ အလုပ်အကိုင်ရရှိရေး လုံးပမ်းရပါတော့မယ်။
အလုပ်ရှာတဲ့အကြောင်းတွေ ရေးမယ်၊ ရေးမယ်နဲ့ ပြင်နေတာ အလုပ်ကမအားတော့ မှန်းထားတဲ့အချိန် မပြီးခဲ့ဘူး၊ ဒီကြားထဲ စိတ်မကောင်းစရာ မန္တလေး အိုင်စီတီနဲ့ ရတနာပုံဈေး မီးလောင်ဆိုတော့ မီးသတင်းကိုလည်း ဦးစားပေး ရေးချင်တာနဲ့ ရေးလိုက်ရသေးတယ်။ အပိုင်း(၂)ကို စောင့်ဖတ်နေတဲ့ သူတွေကလည်း ဘယ်တော့ရေးမှာလဲ၊ စောင့်နေတယ်ဆိုတော့ ၀မ်းလည်းသာ၊ အားလည်းနာပေါ့။ အခုတော့ အပိုင်း(၂) ရေးပြီးပါပြီ။ ဒါပေမယ့် ဆောင်းပါးတစ်ပုဒ်ဟာ အဲဒီဆောင်းပါးကို ဖန်တီးရေးသားသူရဲ့ အတွေ့အကြုံနဲ့ သုံးသပ်ချက်ပေါ်မူတည်နေတာမို့ စင်္ကာပူရောက်တာ မကြာသေးတဲ့ ကျွန်တော်အတွက် အားနည်းချက်တွေ ပါနေမယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော့် ရည်ရွယ်ချက်က မြန်မာလူငယ်တွေ ပြည်ပနိုင်ငံတွေကို အထင်တကြီး ထွက်လာပြီးမှ အောက်ကျ၊ နောက်ကျ လုပ်နေရတာကို မမြင်ချင်တာရယ်နဲ့ စင်္ကာပူမှာ အလုပ်လာရှာမယ့် ညီငယ်/ညီမငယ်တွေ အတွက် နည်းနည်းပဲ အထောက်အကူရရ ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ရေးဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာလူငယ်အားလုံး အကြောင်းကြောင်းကြောင့် ကိုယ့်နိုင်ငံကနေ ထွက်ခွာလာရပေမယ့် ပြည်ပနိုင်ငံတွေမှာ လူမျိုးဂုဏ်ကို ထိန်းသိမ်းရင်း အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်စေချင်တာ ကျွန်တော့် စိတ်ရင်းအမှန်ပါလို့ ပြောရင်း ..…
ဒုတိယပိုင်း
အလုပ်ဘယ်လိုရှာရလဲ၊ ဘာအလုပ်တွေနဲ့ ဘာတွေ ပြင်ဆင်ခဲ့လဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်လည်း မနေ့တစ်နေ့ကမှ စင်္ကာပူကိုရောက်ပြီး အလုပ်ရခဲ့တာဆိုတော့ အတွေ့အကြုံ သိပ်နည်းသလို ကျွန်တော်ရဲ့ လိုင်း ကွန်ပျူတာနဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။
စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလည်းဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။
အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။
JobsDB ကလုပ်တဲ့ စင်္ကာပူ Career Expo 2008 အလုပ်ရှာပွဲတော်
မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။
Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။
ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။
အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။
ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…
စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။
စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့
ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။
အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။
အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်
၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။
- File Size 200 Kb ထက် မကြီးရ
- Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)
- လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)
၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက် kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။
၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။
Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။
http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။
Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ မြန်မာပြည်က သတင်းစာတွေလို ပါးပါးလေး မဟုတ်ပဲ အထူကြီးပါ။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။
ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။
အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။
အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။
အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။
ကဲ … ဒီလောက်ဆိုရင်
အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။
လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။
နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။
ကဲ ဒါဆိုရင် အလုပ်ရတဲ့ အခါ အိုင်တီမောင်မောင်ကို ဖုန်းဆက်ပြီး ကော်ဖီတိုက်ဖို့ပဲ ကျန်တော့တယ်လို့ ပြောရင်း .....။
စင်္ကာပူနိုင်ငံမှာ အလုပ်လာရှာကြတဲ့ ရွှေမြန်မာများအတွက် စင်္ကာပူကို မရောက်ခင်မှာ ပူပင်ကြရတဲ့ ကိစ္စတစ်ခုက နေရေးထိုင်ရေးပါပဲ။ အလုပ်မရခင် စပ်ကြား ဘယ်မှာ သွားနေမလဲဆိုတဲ့ ကိစ္စက တော်တော်လေးကို စီစဉ်ရခဲယဉ်းတဲ့ ကိစ္စပါ။ စင်္ကာပူကို ကြိုရောက်နေတဲ့ သူငယ်ချင်း အပေါင်းအသင်းများနဲ့ အဆက်အသွယ် ရခဲ့ရင်တော့ ကောင်းရဲ့။ မရခဲ့ရင် ဘယ်မှာသွားနေမလဲဆိုတဲ့ကိစ္စတစ်ခုတည်းနဲ့ကို စီစဉ်ရ ခဲယဉ်းတတ်တာ ကြုံဖူးသူတိုင်းနားလည် သဘောပေါက်ကြမှာပါ။ တနေ့က ပင်နီဆူလား ပလာဇာမှာ လျှောက်သွားရင်းနဲ့ တွေ့တဲ့ ကြော်ငြာလေးတွေထဲက လင့်တချိှု့ညွှန်းလိုပါတယ်။
ပထမတစ်ခုက http://www.shwerooms.com/sg/ ။ ဒီဝဗ်ဆိုက်က Australia, Japan, Malaysia, Myanmar, Singapore, Thailand, United Kingdom နဲ့ United States တို့က ရွှေမြန်မာများအတွက် ငှားရန်ရှိအခန်းများကို ကြော်ငြာနိုင်သလို၊ ၀င်ရောက် ဆက်သွယ် ငှားရမ်းနိုင်အောင် တည်ဆောက်ထားတာ တွေ့ရတယ်။ လက်ရှိ အနေနဲ့ကတော့ စင်္ကာပုနိုင်ငံက အခန်းတွေပဲ ကြော်ငြာထားတာတွေ့ရပြီး နောက်နောင်မှာ ဖော်ပြပါ အခြားနိုင်ငံတွေက အခန်းတွေလည်း ကြိုတင် ဆက်သွယ် ငှားရမ်း နိုင်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ပြည်ပရောက်နှင့်နေပြီးသား သူတွေအတွက် အကျိုးရှိနိုင်သလို ပြည်ပကို ထွက်လာဖို့ စီစဉ်နေဆဲသူတွေအတွက်လည်း အထောက်အကူ ဖြစ်နိုင်စရာရှိတဲ့ အလားအလာကောင်း ၀ဗ်ဆိုက်တစ်ခုပါပဲ။
ဒုတိယတစ်ခုက http://www.freead4you.net/ ပါ။ ဒီဝဗ်ဆိုက်ကလည်း ရွှေမြန်မာများအတွက် အိမ်ခန်းက အစ လျှပ်စစ်နဲ့ အီလက်ထရောနစ် ပစ္စည်းအစုံ ရောင်းဝယ်ငှားရမ်းမှုတွေ လုပ်နိုင်ဖို့ ကူညီပေးတဲ့ ၀ဗ်ဆိုက်တစ်ခုပါ။ တစ်ခု ထူးခြားတာက အခမဲ့ကြော်ငြာနိုင်တယ်ဆိုတာပါပဲ။ သွားရောက် မွှေနှောက်နိုင်စေဖို့ ဝေမျှလိုက်ခြင်းဖြစ်ပါကြောင်း။
missing
[Unicode]စင်္ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်ရေးထားပြီး တော်တော်လေးထိထိမိမိ ခံစားရတဲ့ ကဗျာလေးပါ။ ရွေပြည်တော်ကလူတွေ အင်မတန်အထင်ကြီးကြတဲ့ စလုံးဆိုတဲ့ ကြေးရတတ်တိုင်းပြည်က မြန်မာလုပ်သားတို့ရဲ့ထပ်တူညီတဲ့ ခံစားချက်တွေကို ထင်ဟပ်ပြသထားပါတယ်။တစ်ချို့   အသုံးအနှုံန်းတွေကို ဒီကဟာတွေဖြစ်လို့ မြန်မာပြည်ကလူတွေသိအောင် အောက်မှာခက်ဆစ်အဓိပါယ်ဖွင့်ပေးလိုက်ပါတယ်။
ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။
ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။
ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။
ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။
ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။
မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။
လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။
ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။
ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။
လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။
ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။
မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။
စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘဝကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘဝတစ်ခု ရှိတယ်။
အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ဝန်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။
ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။
ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။
၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။
လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။
ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ဝိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။
သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို  မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။
Merlion = စင်္ကာပူ၏ အထင်ကရ ခြင်္သေခေါင်းနှင့် ငါးကိုယ်ရုပ်ထု၊ ယင်းရုပ်ထုပ်ပေါ်သို့တက်ရောက်ကြည့်ရူ့  ရန် အခကြေးငွေပေးချေရသည်။
1818      = စင်္ကာပူမှာ မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ခေါ်ဆိုရန် ဝယ်ယူအသုံးပြုသော ဖုန်းကဒ်။ စင်္ကာပူ ၈ ဒေါ်လာပေးရပြီး ၂၃ မိနစ် ပြောဆိုနိုင်သည်။
အိမ်သူကြီး=  စင်္ကပူမှ မြန်မာလူမျိုးများ စုပေါင်းငှားရမ်းနေထိုင်သော အိမ်မှအကြီးအကဲ။
854        = စင်္ကပူမှ bus ကားနံပတ်
MRT      = စင်္ကာပူမှ မြေပေါ်မြေအောက်သွား ရထား၊ ငွေကြိုပေးကဒ်တမျိုးဖြင့် အသုံးပြုစီးနင်းရပြီး ကျသင့်ငွေကို ခရီးကြာမြင့်ချိန် အကွာဝေးဖြင့် စက်မှတွက်ချက်ဖြတ်တောက်သည်။
PSP      = အသေးစား လက်ကိုင်ဂိမ်းစက်၊ စင်္ကာပူနိုင်ငံသားများ ရထားပေါ် ဘက်စ်ကားပေါ်များတွင် အလွန်ကစားကြပြီး အများစုမှာ ဂိမ်းကြောင်နေသူများဖြစ်သည်။
Basketball = စင်္ကာပူမှ ကွန်ဒိုအိမ်ရာများတွင် ကြက်တောင်ကွင်း၊ basketball ကွင်းများခပ်တည်တည်ဖြင့် ထားရှိကြသော်လည်း အားကစားကို အထူးတလည်မည်သူမှ စိတ်ဝင်တစားမကစားကြပေ။
ခပ်ပေါပေါ အစီအစဉ်တွေ  = စင်္ကာပူ ရုပ်မြင်သံကြားတွင် အခါအားလျော်စွာ ဟာသ၊ မျက်လှည့်စသော ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြသော်လည်း တင်ဆက်မ့ှု့  နှင့် အနုပညာအရည်သွေးမှာ အလွန်ညံဖျင်းသည်။
East Coast နဲ့ West Coast = စင်္ကပူ အစိုးရမှ အတင်းမရမက ဖန်တီးထားသော အပန်းဖြေကမ်းခြေ၊ သဲကြမ်းများဖြင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။