Saturday 8 October 2011

မာသာထရီဇာနဲ့ ဒိုင်ယာနာ


              စာအုပ်တစ်အုပ်ထဲမှာ အနောက်တိုင်းက အကြောင်းရာလေးတစ်ခု ဖတ်ဖူးတယ်။ အရမ်းချမ်းသာတဲ မိသားစုကကောင်လေးတစ်ယောက်ပေါ့။ ခြံဝန်းကျယ်ကြီးထဲမှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးရယ် အစေအပါးတွေရယ် အားလုံးပြီးပြည့်စုံနေတဲ့ ကောင်လေးပေါ့။ အဲဒီကောင်လေးက သတ္တ၀ါတွေကို ချစ်ခင်ကြင်နာတဲ့အတွက် ခြံဝန်းထဲမှာ သူ့အတွက် တိရိစ္ဆာန် မျိုးစုံကိုမွေးမြူပေးထားတယ်။ ကောင်လေးဟာ သူ့ရဲ့အထိန်းတော်တွေနဲ့ အတူတူ အကောင်လေးတွေကို အစာကျွေးမွေးတယ်။ ယုယကြင်နာတယ်။ သူ့အသိုင်းဝိုင်းမှာ အင်မတန် စိတ်သဘောထား နူးညံ့တဲ့ကလေးအဖြစ် ချီးမွမ်းခံရတာပေါ့။ တစ်ရက်မှာ သူမွေးထားတဲ့ လိပ်ကလေးတစ်ကောင် ကန်ထဲမှာပက်လက်လန်နေတာ သွားတွေ့သတဲ့။ ကောင်လေးလည်း လိပ်ကလေးသေသွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ငိုတာပေါ့။ အဲဒီတော့ မိဘတွေက ဖြောင်းဖြပြောဆိုပြီး သူ့လိပ်ကလေးအတွက် ဈာပနလေး တစ်ခုလုပ်ပေးမယ်ဆိုတဲ့အကြောင်း၊ သူတို့လည်း လိပ်ကလေးအတွက် ထပ်တူခံစားရပါတယ်ဆိုတဲ့ အကြောင်းပြောပြကြတာပေါ့။ ကောင်လေးကလည်း သူ့လိပ်ကလေးအတွက် အသုဘကိုတော့ သေချာလေးလုပ်မယ်ဆိုပြီး ဖိတ်စာတွေဘာတွေတောင် ချက်ခြင်းရိုက်ပြီး လိုက်လံဝေငှခိုင်းတယ်။ သူ့လိပ်ကလေးရဲ့နာရေးကို ခမ်းခမ်းနားနားလေး ဖြစ်စေချင်တယ်ပေါ့။ နောက်တစ်ရက်မှာ လိပ်ကလေးက ရေကန်ထဲမှာ ရေကူးနေတာကို တွေ့တော့ကောင်လေးက တော်တော်အံ့သြသွားတယ်။ အဲဒါနဲ့ ခြံစောင့်အဘိုးကြီးကို ခေါ်ပြီး ဘယ်လိုဖြစ်တာလဲလို့မေးကြည့်တယ်။ အဘိုးကြီးက လိပ်တွေရဲ့သဘာဝဟာ အဲ့ဒီလိုပဲ တစ်ခါတစ်လေမှာ နာရီပေါင်းများစွာကြာအောင် ပက်လက်လှန်အိပ်တတ်ကြောင်း ရှင်းပြတယ်။ မထင်မှတ်လောက်အောင်ပဲ ကောင်လေးဟာ တော်တော်လေးစိတ်ဆိုးသွားတယ်။ တော်တော်ဆိုးတဲ့လိပ် ငါ့မှာတော့ သေပြီဆိုပြီး ငိုလည်းငိုရတယ်။ နာရေးကိုလည်း ခမ်းနားအောင်စီစဉ်ရတယ်။ ကောင်လေးဟာကိုယ်တိုင်ပဲ လိပ်ကိုကန်ထဲကဆယ်ယူလိုက်ပါတယ်။ ပြီးတော့ လိပ်ရဲ့  နှလုံးသားရှိမယ့်နေရာတည့်တည့်ကို သံချွန်တစ်ချောင်းနဲ့ တစ်ချက်တည်း ထိုးချလိုက်တယ်။ နောက်တစ်ရက်မှာ လိပ်ကလေးရဲ့  နာရေးကို စည်စည်ကားကားနဲ့ ကျင်းပပါတယ်။ ကောင်လေးလည်း သူ့လိပ်ကလေးရဲ့ နောက်ဆုံးခရီးမှာ စိတ်မကောင်းဖြစ်ပြီး ငိုသေးတာပေါ့။ နာရေးတက်ရောက်လာတဲ့ လူကုံတန်အသိုင်းဝိုင်းကလူကြီးတွေလည်း ကောင်လေးရဲ့  မေတ္တာတရားကြီးမားမှု့ကို ချီးမွမ်းပြီးတော့ ပြန်သွားကြတယ်။ ခြံစောင့်အဘိုးကြီးကတော့.............
                                                     အကြောင်းရာလေးကတော့ ဒီလောက်ပါပဲ။ စာရေးသူရဲ့  အဓိကပေးချင်တဲ့ မက်ဆေ့က မေတ္တာတရားကို ခြုံထည်တစ်ခုလို့ ခြံလွှမ်းလာတဲ့ လူတွေအကြောင်းပါ။ လူတစ်ချို့  ဟာ သိပ်ပြည့်စုံလာတဲ့အခါ ရုပ်ဝတ္ထုတွေပိုင်ဆိုင်မှု့ကြောင့် လူရာဝင်တဲ့ အခြေနေကနေ စိတ်ပိုင်းဆိုင်ရာအရပါ လူရာဝင်ချင်လာကြပါတယ်။ အဲဒီတော့ သူတို့ဟာ လူတွေအထင်ကြီးမယ့်၊ အလေးမြတ်ပြုခံရမယ့် လူသားချင်းစာနာတဲ့ အလုပ်အကိုင်တွေဖက်ကို လှည့်လာကြပါတယ်။ ဒီအလုပ်တွေဟာ အမှန်တော့ မေတ္တာဂရုဏာကို အခြေပြုပြီးလုပ်ကိုင်ရတာပါ။ ရင်ထဲမှာ မေတ္တာတရားတွေ သစ်ပင်တစ်ပင်လို့ အမြစ်တွယ်နေတဲ့သူတွေ၊ မြစ်တစ်စင်းလိုစီးဆင်းနေတဲ့သူတွေသာ ဘ၀တစ်ခုလုံးကို မြုတ်နှံပြီးလုပ်နိုင်ကြပါတယ်။ သူတို့ရဲ့ပေးဆပ်အနစ်နာခံမှု့ကြောင့် လူ့အသိုင်းဝိုင်းမှာ အင်မတန်လေးစားအပ်တဲ့ လူတွေအဖြစ်ထင်ပေါ်လာကြတယ်။ သူတို့ကိုယ်တိုင် ထင်ပေါ်မှု့ကိုအလိုမရှိပေမယ့် ပတ်ဝန်းကျင်က အသိအမှတ်မပြုပဲနေလို့မရလောက်အောင်ကိုဖြစ်လာတယ်။ ဒါပေမယ့် အထက်ကအကြောင်းရာလေးလို့ ရင်ထဲကပေါက်ဖွားရှင်သန်လာတဲ့ မေတ္တာကြောင့်မဟုတ်ပဲ အဆောင်ယောင်တစ်ခုလောက်ပဲ ဦးတည်ပြီးသွားနေတဲ့ သူတွေလည်းရှိပါတယ်။ နာရေးကျင်းပတဲ့ ကောင်လေးလိုပေါ့။ အနီးစပ်ဆုံး ဥပမာပေးချင်ပါတယ်။ အယ်ဂျီးနီးယားအနွယ်ဖွား ခရစ်ယန်သီလရှင်ကြီး မာသာထရီဇာကို လူတိုင်းတော့သိမယ်မထင်ပါဘူး။ ဒါပေမယ့် အင်္ဂလန်က ချားမင်းသားရဲ့ ဇနီးဟောင်း ဒိုင်ယာနာကိုတော့ မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူမှု့ရေးအလုပ်တွေကို အားကျိုးမာန်တကိလုပ်ကိုင်ဆောင်ရွက်တဲ့ဖက်မှာ ထင်ပေါ်ကျော်ကြားပါတယ်။ အခုတော့ နှစ်ယောက်စလုံးမရှိကြတော့ပါဘူး။ ကွာခြားတာကတော့ မာသာထရီဇာဟာ သူ့ဘ၀တစ်ခုလုံးကို လူမှု့ရေ့းအလုပ်တွေမှာပဲ မြုတ်နှံခဲ့ပြီး နေရာဒေသမရွေး အခက်ခဲပေါင်းစုံကို ရင်ဆိုင်ပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်သံတွေ ဓာတ်ပုံတွေမှာ မြင်ရတဲ့မာသာထရီဇာရဲ့  အလုပ်တွေဟာ သူတကယ်လုပ်ခဲ့တာရဲ့  အစိတ်အပိုင်းလေးတစုပဲရှိပါသေးတယ်။ ဒိုင်ယာနာကတော့ လှုမှု့ရေးအလုပ်တွေကို လုပ်ခဲ့တယ်ဆိုပေမယ့် မာသာထရီဇာနဲ့မတူပါဘူး။ မာသာထရီဇာလို မွေးရာပါနှလုံးသားထဲက အမြစ်တွယ်ပေါက်ဖွားလာတာမဟုတ်ပဲ အိမ်ထောင်ကွဲပြီးနောက်ပိုင်းမှ စိတ်ထွက်ပေါက်တစ်ခုအနေန့ လူသားခြင်းစာနာမှု့  ဇာတ်ခုံပေါ်မှာ ပေါ်လာတာ သတိထားမိကြမှာပါ။ ပြီးတော့ သူအလုပ်လုပ်တဲ့ နေရာအများစုဟာ ကမ္ဘာ့သတင်းဋ္ဌာနပေါင်းစုံက ကင်မရာတွေ ၀ိုင်းနေတဲ့ နေရာတွေများပါတယ်။ မာသာထရီဇာလို ဘယ်သူမှမသွားရဲတဲ့ မိုင်းတွင်းတွေ၊ ငတ်ပြတ်နေပြီး ရာဇ၀တ်မှု့ထူပြောတဲ့နေရာမျိုးတွေကို မသွားရဲခဲ့ပါဘူး။ တဖက်မှာလည်း အတူနေရည်းစား မူဆလင်ဘာသာဝင် ဒိုဒီနဲ့ အပန်းဖြေခရီးထွက်တာများတဲ့အတွက် အချိန်ပြည့်လူမှု့ရေးအလုပ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ မာသာထရီဇာနဲ့ ဒိုင်ယာနာဟာ အချိန်သိပ်မကွာပဲ ကွယ်လွန်ခဲ့ကြတာပါ။ မာသာထရီဇာက လူမှု့ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့အတွက် လူကြီးရောဂါနဲ့ဆုံးပါးခဲ့ပေမယ့် ဒိုင်ယာနာကတော့ ရည်းစားနဲ့ အတူသွားနေချိန် ပါပရာဇီတွေရဲ့ နှောက်ယှက်မှု့ကြောင့် ကားမှောက်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒိုင်ယာနာကွယ်လွန်ချိန်မှာ ၀မ်းနည်းစာပေါင်းများစွာ၊ the candle with the wind (လေထဲကဖရောင်းတိုင်) ဆို့တဲ့သီချင်း တွေနဲ့ ဂုဏ်ပြုပြီး နာရေးကျင်းပခဲ့ပေမယ့် မာသာထရီဇာ ကွယ်လွန်တာကိုတော့ သိတဲ့လူ သိပ်မများခဲ့ဘူးထင်ပါတယ်။ ဒါပေမယ့် မာသာထရီဇာကို နိုင်ငံတော်အဆင့်အနေနဲ့ နာရေးကျင်းပခဲ့ပါတယ်။ သူ့ရဲ့  မေတ္တာ လွှမ်းခြုံခံခဲ့ရတဲ့ ကမ္ဘာနိုင်ငံပေါင်းစုံက လူတွေရဲ့  ရင်ထဲမှာတော့ မိခင်တစ်ယောက်လို့ အခုထိရှင်သန်နေဆဲပဲလို့သိရပါတယ်။ မာသာထရီဇာ ကွယ်လွန်တဲ့နှစ်ပတ်လည်ရောက်တိုင်း အထိမ်အမှတ်ဆုတောင်းပွဲတွေ ကမ္ဘာအနှံကျင်းပကြတယ်။ ဒိုင်ယာနာကတော့ သေဆုံးချိန်မှာ သီချင်းတွေစပ်ဆို လွမ်းချင်းတွေဖွဲ့နဲ့ ရေပန်းစားခဲ့ပေမယ့် ခုချိန်မှာတော့ ဘယ်သူမှ အရေးတယူ မလုပ်ကြတော့ပါဘူး။ အဲဒါဟာ မေတ္တာဂရုဏာ တွေကောင်းကင်တစ်ခုလိုကျယ်ပြောခဲ့တဲ့သူနဲ့ လျှပ်ပျက်သလိုလေး တောက်ပခဲ့သူ ကွာခြားချက်ပါပဲ။ မပေါက်ကွဲသေးတဲ့ မြေမြုတ်မိုင်းတွေ အများကြီးကြားထဲမှာ ကိုယ့်အသက်ကို ထည့်မတွက်ပဲ ကယ်ဆယ်ရေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့ တွေတက်တက်ကြွကြွလုပ်ခဲ့တဲ့ အမျိုးသမီးကြီးနဲ့ ဇိမ်ခံရွက်လှေစီး ရည်းစားနဲ့ ချစ်တင်းနှောရင်း ကင်မရာတွေ ရှေ့  မှာပဲ လူမှု့  ရေးတွေ တက်ကြွနေတတ်တဲ့ အမျိုးသမီး ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မာသာထရီဇာဟာ သူဘ၀တစ်ခုလုံး အများအကျိုးအတွက် ပေးဆပ်ပျော်ဝင်ခဲ့သူပါ။ သူ့ဘ၀မှာ နောက်ဆုံးအချိန်ထိ အကျိုးမရှိ အချိန်ဖြန်းတဲ့ အလုပ်ဘာတစ်ခုမှ လုပ်ခဲ့တာမတွေ့ရပါဘူ။ ခရစ်ယန်ဘာသာဝင် သီလရှင်ကြီးဆိုပေမယ့် ဘာသာပေါင်းစုံက လေးစားရတဲ့အမျိုးသမီးကြီးပါ။ ကျွန်တော်တို့လည်း လူမှု့ရေးအလုပ်တွေလုပ်တဲ့အခါ မာသာထရီဇာလို ရင်ထဲက ဖြစ်တဲ့ စေတနာလား ဒိုင်ယာနာလို့ ပေါ်ပင်လုပ်တာလားဆိုတာ သေချာကွဲပြားအောင် ကိုယ့်ကိုကိုယ် သတိပြုသုံးသတ်သင့်တယ်လို့ ယူဆမိတဲ့အတွက် တွေးမိရေးမိတာလေးပါ။

No comments: